မန္တလေးတိုင်းအတွင်းရှိ စက်မှုဇုန်များအား LNGဖြင့်ဓာတ်အားပေးမည်
--------------------------------------
မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုဇုန်တွေ၊ စက်မှုလက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို LNGဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သိရပါတယ်။
အဲဒီလို LNGဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမဲ့အကြောင်းကို ဖေဖော်ဝါရီ၃ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနဲ့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့က တာဝန်ရှိသူတွေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ရှင်းလင်းပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
LNGဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာမှာ တစ်ယူနစ်ကို ကျပ်၉၀၀နှုန်း သတ်မှတ်ကောက်ခံမှာဖြစ်ပြီး အိမ်သုံးဓာတ်အားခနှုန်းထားတွေကတော့ အရင်အတိုင်း ပြောင်းလဲမှုမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောပါတယ်။
LNGနဲ့ဓာတ်အားထုတ်လုပ်တာဟာ ဈေးနှုန်းကြီးမြင့်ပေမဲ့လည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်တာကြောင့် စက်မှုလုပ်ငန်းရှင်တွေအတွက် ခိုင်မာတဲ့စွမ်းအင်အာမခံချက် ရရှိမှာဖြစ်တယ်လို့လည်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
လက်ရှိမှာ LNGဓာတ်အားပေးစက်ရုံတွေကနေ တိုးမြှင့်ထုတ်လုပ်လာနိုင်တဲ့အခြေအနေအရ ဇန်နဝါရီ၁၅ရက်ကနေ ၃၁ရက်အထိ တစ်ရက်ကို လျှပ်စစ်ဓာတ်အား ၆၂၀၀၀မဂ္ဂါဝပ်နာရီ ထုတ်လုပ်ပေးနိုင်ခဲ့တယ်လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သိရပါတယ်။

image