ကလပ်နှင့် နိုင်ငံ အနာဂတ် မရေမရာ အဖြစ်နှင့် ကြုံနေရတဲ့ မာတီတာ
====================
ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူးဂျိန်းဖီးလစ်ပီမာတီတာဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် အေစီမီလန်သို့ ပြောင်းရေး ဆေးစစ်ဆေးမှု ကျရာမှ အပြောင်းအရွှေ့ပျက်ပြယ်သွားပြီးနောက် ခက်ခဲတဲ့ အနေအထားသို့ ရောက်လာခဲ့ပါတယ်။
ဂျိန်းဖီးလစ်ပီမာတီတာဟာ အေစီမီလန်သို့ ပြောင်းရန် သဘောတူညီမှု ရရှိပြီးမှ ဆေးစစ်ဆေးချိန်တွင် ဒူးပြဿနာရှိနေကြောင်း တွေ့ရပြီးနောက် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ပဲလေ့စ်နည်းပြအိုလီဗာဂလက်စ်နာက မာတီတာတွင် ဒူးပြဿနာရှိနေကြောင်း လွန်ခဲ့ တဲ့ ရက်သတ္တပတ်များကတည်းက ပြောဆိုလာခဲ့တာပါ။
မာတီတာဟာ ဒူးပြဿနာရှိနေမှုနှင့်အတူ အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်နေရပြီး ဒီဇင်ဘာလအစပိုင်းမှ စတင်ကာ ၁ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
ဒါပေမယ့် သူဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက ပဲလေ့စ်မှ ထွက်ခွာရန် အတင်းကြိုးပမ်းခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အေစီမီလန်သို့ ပြောင်းရေး ဆေးစစ်ဆေးချိန်တွင် ဆေးကျမှုကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ကာ ပဲလေ့စ်မှာပဲ ဆက်ရှိနေခဲ့ရပါတယ်။
အီတလီမီဒီယာများရဲ့ ဖော်ပြမှုအရ အေစီမီလန်ဆေးအဖွဲ့က အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးအား ဆေးစစ်ချိန်တွင် ညာဖက်ဒူးတွင် ပြဿနာရှိနေကြောင်း တွေ့ခဲ့ရတာပါ။ မာတီတာဟာ ၂၀၁၉ ခုနှစ်တုန်းက မိန့်ဇ်တွင် ကစားစဉ် ဒူးဒဏ်ရာရရှိခဲ့ဖူးပြီး ခွဲစိတ်ကုသခဲ့ရကာ ခြောက်လနားခဲ့ရဖူးပါတယ်။
ဒါကြောင့်လည်း မာတီတာအနေဖြင့် ယင်းဒူးဒဏ်ရာပြဿနာ လုံးဝပျောက်ကင်းရေး နောက်ထပ် ခွဲစိတ်ကုသမှု လိုအပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းသို့ အခြေအနေကြောင့် မာတီတာဟာ ပဲလေ့စ်တွင် ဆက်ရှိလာရပါတယ်။ သူဟာ ၂၀၂၇ ခုနှစ်အထိ ပဲလေ့စ်နှင့် စာချုပ်ချုပ်ဆိုထားတာပါ။ ဒါပေမယ့် ကလပ်ဘက်က နောက်တစ်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးလာရမှာ ဖြစ်လို့ နွေရာသီမှာ ရောင်းချရေး ထပ်မံ ကြိုးပမ်းလာဖို့ ရှိပါတယ်။
သူဟာ ကလပ်အနာဂတ် မရေမရာ ဖြစ်နေမှုနှင့်အတူ နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကစားရေးအိပ်မက်ကလည်း မရေမရာ ဖြစ်လာပါတယ်။
သူ့အနေဖြင့် ကြံ့ခိုင်မှုပြည့်ဝရေး အချိန်ယူလုပ်ဆောင်လာရမယ့်အပြင် ပဲလေ့စ်မှာလည်း ပုံမှန်ကစားခွင့် အာမခံချက် မရှိတော့တာကြောင့် ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့် ယုံကြည်မှု ရလာအောင် လုပ်ဖို့ အချိန်အလုံအလောက် ရမယ့်အနေအထားမှာ မရှိပါဘူး။
ခရစ္စတယ်ပဲလေ့စ်ဟာ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူထားတဲ့ နော်ဝေတိုက်စစ်မှူးဂျော်ဂျင်စထရန်းလာဆင်ကို ဦးစားပေးတိုက်စစ်သမားအဖြစ် သတ်မှတ်ထားရာ မာတီတာအတွက် နေရာရရန် ခက်ခဲလာခဲ့ပြီ ဖြစ်ပါတယ်။
မာတီတာဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရပြီးနောက် ၃ ပွဲကစားခွင့်ရထားရာမှာ ၂ ဂိုးသွင်းထားနိုင်ပါတယ်။
ယခုအခါ သူဟာ အေစီမီလန်အပြောင်းအရွှေ့ပျက်ပြယ်လာမှုနှင့်အတူ ကလပ်အနာဂတ်သာမက နိုင်ငံအသင်းအနာဂတ်ပါ မရေမရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

image