ပိုကောင်းတဲ့ လူ့အသိုင်းအဝန်းဖြစ်ပေါ်လာရေး ကမ္ဘာတလွှားပဋိပက္ခများ အဆုံးသတ်ရေး ရှေ့တန်းမှ လှုပ်ရှားလာမယ့် ဂွါဒီယိုလာ
======================
ပက်ဂွါဒီယိုလာက သူ့ရဲ့ ကမ္ဘာ့ထိပ်တန်းနည်းပြဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးချကာ ကမ္ဘာတလွှားပဋိပက္ခများကြောင့် နစ်နာရသူများအား အကာအကွယ်ပေးရေး လုပ်ဆောင်လာမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
မန်စီးတီးနည်းပြဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက မွေးရပ်မြေကတ်တလန်တွင် ပြုလုပ်တဲ့ ဂါဇာပဋိပက္ခကြောင့် နစ်နာရတဲ့ ကလေးသူငယ်များအတွက် ပြုလုပ်တဲ့ ရန်ပုံငွေပုံသို့ တက်ရောက်ကာ မိန့်ခွန်းပြောခဲ့ပါတယ်။ သူဟာ ယင်းပွဲသို့ တက်ရောက်မှုကြောင့် သောကြာနေ့ သတင်းစာရှင်းလင်းပွဲအား တက်ရောက်ရန် ပျက်ကွက်ခဲ့ပါတယ်။
ယနေ့ည နယူးကာဆယ်နှင့် ကစားမယ့် ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက ကမ္ဘာ့တလွှား ပဋိပက္ခများကြောင့် အသတ်ခံရမှု၊ ဒဏ်ရာရရှိမှု မှတ်တမ်းဗီဒီယိုများကို ကြည့်ကာ နာကျင်ရကြောင်း ဆိုသွားပါတယ်။
သူဟာ ပါလက်စတိုင်း၊ ယူကရိန်း၊ ဆူဒန်တို့တွင် ဖြစ်ပျက်နေတဲ့ ပဋိပက္ခနှင့် အမေရိကန်တွင် ICE အေးဂျင့်များရဲ့ ပစ်ခတ်မှုများကို ရည်ညွန်းပြောဆိုသွားတာလည်း ဖြစ်ပါတယ်။
ဂွါဒီယိုလာက "ဒီကနေ့ ကျွန်တော်တို့ မြင်နိုင်တယ်။ အဲဒီမတိုင်ခင် မမြင်ခဲ့ရဘူး။ နာကျင်ရတယ်။ ဆန့်ကျင်ဘက် ဘက်ခြမ်းက လူဖြစ်နေရင်တောင် နာကျင်ရပါမယ်။ စိတ်မကောင်းဘူး။ ဒီအတွက် မတ်တပ်ရပ်ရမယ်။ အဲဒီအတွက် အမြဲတမ်း ရှိနေရမယ်။ အမြဲတမ်းရှိရမယ်။ အပြစ်မဲ့တဲ့ ထောင်ပေါင်းများစွာသောပြည်သူတွေကို ဒီအတိုင်း သတ်ပစ်လိုက်မှာလား။ နာကျင်ရတယ်။ ဒီထက်ပိုပြီး ခက်ခဲရှုပ်ထွေးတာ မရှိပါဘူး။ မရှိပါဘူး။ နေ့စဉ်နေ့တိုင်း အဖေတွေ၊ အမေတွေ၊ ကလေးတွေအပေါ် ဖြစ်ပျက်နေတာ၊ လူ့အသက်တွေ ဖျက်ဆီးခံနေရတာတေကို ကြည့်ပြီး ဘယ်သူမှ ဘာမှ မခံစားကြရဘူးလား။ လူတွေ ဒါတွေအပေါ်မှာ နည်းနည်းလေးတောင် အာရုံမစိုက်နိုင်ကြဘူးလား။ တကယ့်ကို စိတ်မကောင်းဘူး။ မခံစားနိုင်ဘူး"လို့ ပြောကြားသွားပါတယ်။
ထိုအခါ The Athletic သတင်းဌာနက ဂွါဒီယိုလာအား ယင်းအဖြစ်အပျက်များက သူ့အတွက် ဘယ်လောက် အရေးကြီးလဲလို့ မေးမြန်းလာပါတယ်။
ထိုအခါ ဂွါဒီယိုလာက "ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် ဂျာနယ်လစ်တစ်ဦးက ဒီလို မေးခွန်းမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကြည့်ရတာ ခင်ဗျားတို့ (မီဒီယာ)က ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်မရသလိုပဲ။ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် ကမ္ဘာ့တလွှားက စစ်ပွဲတွေက ဓာတ်ပုံတွေကို မြင်နေကြရတဲ့သူကကော မရိုက်ခတ်ဘူးလား?။ ဒါက မှန်လား မှားလားဆိုတဲ့ မေးခွန်းမဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။