ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ ပြဋ္ဌာန်း
-------------------
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ဖေဖော်ဝါရီလ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စုလွှတ် တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးကာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်ဝပြောရေး၊ စားရေ ရိက္ခာပေါများရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီဥပဒေကို ပြဋ္ဌာန်းတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ သက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့ သက်တမ်းအတိုင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာခွဲဝေအပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို မထိခိုက်စေဘဲ ဒီဥပဒေရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုး ရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ဥပဒေ ပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်တွေကို အကြံပေးတာ၊ ညှိနှိုင်းဆောင်ရွက်တာတွေကို ပြုလုပ်နိုင်ဖို့အတွက် ကောင်စီကို ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတကို အခွင့်အာဏာအပ်နှင်းထားတယ်လို့လည်း အဲဒီဥပဒေမှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတဟာ သင့်လျော်တဲ့ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို သတ်မှတ်ပေးရမှာဖြစ်ပြီး ပုဒ်မ ၄ ပါ ကိစ္စရပ်တွေနဲ့စပ်လျဉ်းပြီး ကောင်စီရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ကောင်စီဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နဲ့ ခံစားခွင့်တွေကို သတ်မှတ်ပေးရမှာဖြစ်ပြီး ကောင်စီရဲ့ရုံးလုပ်ငန်းတွေအတွက် နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမယ် လို့ ဆိုပါတယ်။
နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော် ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနဲ့ ညွှန်ကြားချက်တို့ကိုလည်း ထုတ်ပြန်နိုင် တယ်လို့ ဖော်ပြပါရှိပါတယ်။

image