ကြိုတင်မဲကို စနစ်တကျဆောင်ရွက်ခဲ့၍ မသမာမှု မဖြစ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
-------------------------------------------
ကြိုတင်မဲပေးရာမှာ စနစ်တကျနဲ့ ဆန္ဒမဲပေးဖို့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် မဲ မသမာမှု မဖြစ်နိုင်ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသား အရာရှိကြီး တွေကို Video Conferencing နဲ့ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ တိကျစွာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မဲဆန္ဒရှင်တွေရဲ့ စာရင်းကိုလည်း စနစ်တကျ စိစစ် ကောက်ခံဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ကြိုတင်မဲပေးရာမှာ တစ်သိန်းလေးသောင်းကျော်လောက် ပယ်မဲ ဖြစ်ပေါ်ခဲ့ပြီး ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ လျှောက်ထားတဲ့ သူတွေကို ကြိုတင်မဲတွေ ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ လာရောက်ဆန္ဒမဲ ပေးကြသူတွေအနေနဲ့ မိမိထောက်ခံလိုသူတွေ မပါတဲ့အတွက် မဲမပေးတာ၊ ဒေသလုံ ခြုံရေးအရ မဲမပေးတာ၊ မိမိတို့ရဲ့ မဲပေးပိုင်ခွင့် ရှိမှုကို မသိရှိတာ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ သွေးထိုး လှုဆော်မှုတွေကြောင့် မဲပေးဖို့ မလာရောက်နိုင်တာတွေ ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂၄ သန်းကျော်အနက် ၁၃ ဒသမ ၁၃ သန်းလောက် လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအနေနဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း ပေးခဲ့ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ၆ ပါတီ ရှိခဲ့ကြောင်း၊ မဲစာရင်း ရလဒ်တွေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပြည်သူ့ ပါတီက ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၆ ဒသမ ၁၇ ရာခိုင်နှုန်းလောက် ရရှိခဲ့တဲ့အတွက် ပြည်သူတွေနဲ့ ထိတွေ့မှု များပြားတဲ့ ပါတီတွေအနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

image