လာမည့် မတ်လတတိယပတ်တွင် လွှတ်တော်ခေါ်မည်
--------------
လာမဲ့ မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေး ခေါ်ယူသွားမှာဖြစ်တယ်လို နိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး သံတမန်ဆောင် ဧည့်ခန်းမမှာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ ဆာဂေး ရွှင်းဂူနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးတဲ့အချိန်မှာ အဆွေတော်ရဲ့ ခရီးစဉ် ရောက်ရှိ လာမှုက ထူးခြားလေးနက်မှုရှိပြီး အဆွေတော်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အဲဒီနောက် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက မိမိတို့ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်က အဆွေ တော်တို့နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် ပေးပို့လိုက်တဲ့ ဂုဏ်ပြုသဝဏ်လွှာကို လက်ရောက်ပေးအပ်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ အခက်အခဲတွေကြားကနေ အခုလို ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် မိမိတိုရုရှားနိုင်ငံအနေနဲ့ အသိအမှတ်ပြုအပ်ပါကြောင်းနဲ့ မိမိ တို့နှစ်နိုင်ငံအကြား ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တို့ကို ပြောပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်မှာ ရုရှားနိုင်ငံအပါအဝင် နိုင်ငံ တကာက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲတွေ လာရောက်ခဲ့ပြီး ပြည်သူတွေက တက်ကြွစွာနဲ့ ဆန္ဒမဲ ပေးခဲ့ကြတာကို မြင်တွေ့ခဲ့ရမှုနဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်တာကို သိရှိခဲ့ရတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံအကြား Cyber Security ၊ Information Security တို့အပါအဝင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်မဲ့ အခြေအနေတွေ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ၊ အာကာသနည်းပညာ ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင် ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်သွားနိုင်မဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးကြပါတယ်။
တွေ့ဆုံပွဲအပြီးမှာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးတို့ဟာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် ပေးအပ်ခဲ့ ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲကိုတော့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနဲ့အတူ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး အိစ်ကန်ဒဲ အာဇီဇော့ဗ်နဲ့ ရုရှားနိုင်ငံ အစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။