ဂိုးသွင်းအောင်ပွဲခံမှုပုံစံရဲ့ နောက်ကွယ်မှ အကြောင်းရင်းကို ယိုကီရေးစ် ဖွင့်ဟ ပြောကြားလာ
=====================
ဗစ်တာယိုကီရေးစ်ဟာ သူ့ရဲ့ နာမည်ကျော် ဂိုးသွင်းအောင်ပွဲခံမှုပုံစံနောက်ကွယ်မှ အကြောင်းရင်းအား ဖွင့်ဟ ပြောကြားလာပါတယ်။
ဆွီဒင်နှင့် အာဆင်နယ်တိုက်စစ်မှူးဟာ ဂိုးသွင်းယူပြီးနောက် ဒီစီကာတွန်းဇာတ်ကောင် Bane ပုံစံဖြင့် ပါးစပ်ကို နှစ်ဖက်ဖြင့်ပိတ်ကာ အောင်ပွဲခံလေ့ရှိပါတယ်။
ဘရိုက်တန်၊ ဆွမ်စီး၊ ကိုဗင်ထရီတို့တွင် ကစားခဲ့ဖူးတဲ့ ယိုကီရေးစ်ဟာ စပို့တင်းလစ္စဘွန်းတွင် အောင်မြင်မှု ရရှိပြီးနောက် နွေရာသီတွင် အာဆင်နယ်သို့ ပေါင် ၄၇ သန်းဖြင့် ပြောင်းလာခဲ့ကာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၁၁ ဂိုးသွင်းထားပါတယ်။
ယိုကီရေးစ်က "သူငယ်ချင်းတွေနဲ့ အတူ ရှိနေတုန်း သူတို့က ကျွန်တော့်ကို ကွဲပြားတဲ့ပုံစံတွေနဲ့ ဂိုးသွင်းအောင်ပွဲခံမှုအပေါ် ပြောကြတယ်။ သူတို့ကြည့်ရတာ ဒီအပေါ် စိတ်ကုန်နေကြတယ်လို့ ထင်တယ်။ သူတို့ ကျွန်တော့်ကို ကိုယ်ပိုင်ဂိုးသွင်းအောင်ပွဲခံပုံစံလုပ်စေချင်ကြတယ်။ ကျုပ်ကလည်း ဒါကို စိတ်ကူးကောင်းလို့ ထင်တယ်။ အခု ကျွန်တော် တစ်ခုတည်းနဲ့ပဲ အောင်ပွဲခံတယ်။ ဒါ တော်တော်ကောင်းတယ်လို့ ထင်တယ်။ ပျော်လည်း ပျော်တယ်။ အံ့ဩစရာကောင်းတယ်။ Bane လို လုပ်တာလို့ ပြောခဲ့ဖူးသလားဆိုတာ မသေချာပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တယ်"လို့ ပြောကြားသွားပါတယ်။
ယိုကီရေးစ်ဟာ စပို့တင်းမှာတုန်းကကဲ့သို့ပင် အာဆင်နယ်တွင်လည်း အကောင်းဆုံးပုံစံ တဖြည်းဖြည်း ရနေပါတယ်။ သူဟာ စပို့တင်းပထမဆုံး ၄ ပွဲတွင် ၂ ဂိုးတည်းသာ သွင်းနိုင်ပြီးနောက် ၉၈ ပွဲတွင် ၉၅ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ဆွီဒင်တိုက်စစ်မှူးက "ဒီကို ရောက်လာကတည်း ပျော်တယ်။ စိန်ခေါ်မှု ရင်ဆိုင်ရတဲ့ကာလတွေပါ။ ဒါပေမယ့် အများကြီး တိုးတက်လာတယ်။ အသင်းနဲ့ ကလပ်ဆီက တတ်နိုင်သလောက် သင်ယူတယ်။ ပျော်တယ်။ စိန်ခေါ်မှုတော့ ရှိတာပေါ့။ ပေါ်တူဂီသွားတုန်းကလည်း ဒီအတိုင်းပဲ။ အစတုန်းက အလုပ်မဖြစ်ဘူး။ ကာလတစ်ခု တိုင်အောင် ကစားဟန်နဲ့ အသားကျအောင် လုပ်ခဲ့ရတယ်။ အခု ဒီမှာလည်း ဒီအတိုင်းပဲ။ နည်းနည်းတော့ ကွဲတယ်။ အံဝင်ပြီး တသားတည်းဖြစ်အောင် လုပ်ရမယ်။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက နိုင်ပွဲတွေ ရဖို့ပါ။ ဒီလို ဖြစ်လို့ အသင်းလိုက် ခြေစွမ်းကောင်းဖို့ လိုတယ်။ ကစားချိန်မှာ အသင်းအတွက် တတ်နိုင်သလောက် လုပ်ပေးချင်တယ်။ တတ်နိုင်သလောက်လည်း ကြိုးစားတယ်။ အရင်တုန်းက လုပ်ပြခဲ့တာထက် ပိုပြီးတော့ ကျွန်တော့် အရည်အချင်းကို ပြသနိုင်မယ့် အချိန်ရှိပါသေးတယ်"လို့ ပြောကြားသွားပါတယ်။