ဂိုမက်စ်နှင့် အမ်စထရောင်းတို့အား ဝုဗ်ခေါ်ယူလာ
====================
ဝုဗ်ဟာ မာဆေးမှ အင်္ဂလန်အလယ်တန်းကစားသမားအိန်ဂျယ်ဂိုမက်စ်နှင့် ဆောက်သမ်တန်မှ တိုက်စစ်မှူးအဒမ်အမ်စထရောင်းတို့အား ခေါ်ယူလာပါတယ်။
ဂိုမက်စ်ဟာ ဝုဗ်သို့ အငှားဖြင့် ပြောင်းလာတာ ဖြစ်ပြီး ရာသီအကုန်တွင် ပေါင် ၆ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကို ထည့်သွင်းထားပါတယ်။
တိုက်စစ်မှူးအမ်စထရောင်းမှာ ပေါင် ၇ သန်းဖြင့် ၃ နှစ်ခွဲစာချုပ်ဖြင့် ပြောင်းလာတာပါ။
ဝုဗ်ဟာ တိုက်စစ်မှူးဂျော်ဂျင်စထရန်းလာဆင်ကို ပဲလေ့စ်သို့ ပေါင် ၄၈ သန်းဖြင့် ရောင်းချလိုက်ပြီးနောက် အမ်စထရောင်းကို အားဖြည့်လာတာလည်း ဖြစ်ပါတယ်။
ဝုဗ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေတာ ဖြစ်ပြီး တန်းဆင်းဇုန်ပြင်ပမှ အသင်းနှင့် ၁၈ မှတ်အထိ ကွာဟနေပါတယ်။
ဂိုမက်စ်ဟာ ယူနိုက်တက်တွင် ကစားသမားဘဝစတင်ခဲ့သူ ဖြစ်ပြီး ၁၀ ပွဲကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ခုနှစ်တင် လိုင်လီသို့ ပြောင်းခဲ့ပြီး ၁၂၆ ပွဲကစားကာ ၁၀ ဂိုးသွင်းခဲ့ပါတယ်။
သူဟာ နွေရာသီတွင် မာဆေးသို့ ပြောင်းခဲ့ပြီး ၁၉ ပွဲတွင် ၄ ဂိုးသွင်းကာ လီဂူး ၁ တတိယနေရာတွင် ရပ်တည်နိုင်အောင် ကူညီခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တုန်းက အိုင်ယာလန်နှင့်ပွဲတွင် အင်္ဂလန်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ကာ ၄ ပွဲကစားထားပါတယ်။
အမ်စထရောင်းဟာ ဆောက်သမ်တန်အတွက် ၄ နှစ်ခွဲ ကစားစဉ်အတွင်း ၁၇၄ ပွဲတွင် ၄၃ ဂိုးသွင်းထားပါတယ်။
သူဟာ ယခုရာသီတွင် ဆောက်သမ်တန်အတွက် ၃၂ ပွဲတွင် ၁၁ ဂိုးသွင်းထားပါတယ်။
သူဟာ နယူးကာဆယ်တွင် ကစားသမားဘဝစတင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဝုဗ်ရဲ့ မြို့ခံပြိင်ဘက် ဝက်စ်ဘရွန်းတွင် အငှားဖြင့် သွားကစားခဲ့ဖူးပါတယ်။