အက်သလက်တီကိုသို့ ပြောင်းပြီးနောက် စံချိန်သစ် ရေးထိုးလာတော့မယ့် လုပ်ခ်မန်း

အက်သလက်တီကိုဟာ အတ္တလန္တာမှ နိုင်ဂျီးရီးယားတိုက်စစ်သမားအဒီမိုလာလုပ်ခ်မန်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၀.၃ သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
လုပ်ခ်မန်းဟာ အက်သလက်တီကိုသို့ ပြောင်းလာမှုနှင့်အတူ ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေနှင့် လာလီဂါတို့တွင် ကစားဖူးတဲ့ ပထမဆုံးအင်္ဂလန်ဖွားကစားသမား ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဘောလုံးသမိုင်းတွင် လီဂူး ၁ အပါအဝင် ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ကစားဖူးတဲ့ ကစားသမားများအဖြစ် ခရစ္စတီယန်ပူလ်ဆင်၊ ဂျပ်စတင်ကလွိုက်ဗတ်၊ စတီဗင်ဂျိုဗီတစ်တို့ ၃ ဦးတည်းသာ ရှိပြီး ထိပ်သီးလိဂ်ကြီး ၅ ခုတွင် ကစားဖူးတဲ့ ကစားသမား ၂၁ ဦးတည်းသာ ရှိပါတယ်။
လန်ဒန်ဖွား အသက် ၂၈ နှစ်ရှိ လုပ်ခ်မန်းဟာ ၂၀၂၂ ခုနှစ်ကတည်းက စီးရီးအေတွင် ကစားလာခဲ့တာ ဖြစ်ပြီး ၅၅ ဂိုးသွင်းကာ ၂၇ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တုန်းက လေဗာကူဆင်နှင့် ယူရိုလိဂ်ဗိုလ်လုပွဲတွင် ဂိုးသွင်းကာ အတ္တလန္တာအား ကလပ်သမိုင်းတွင် ပထမဆုံးဥရောပဖလားရရှိအောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တွင် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ယင်းနှစ် Ballon d'Or စာရင်းတွင် တစ်ဦးတည်းသော အာဖရိကကစားသမားအဖြစ် ပါဝင်ကာ အဆင့် ၁၄ ချိတ်ခဲ့ပါတယ်။
သူဟာ အင်္ဂလန်လူငယ်အသင်းများတွင် ပါဝင်ကစားခဲ့ပြီး ၂၀၁၇ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ၂၀၂၂ ခုနှစ်မှ စတင်ကာ နိုင်ဂျီးရီးယားအသင်းအတွက် ကစားလာခဲ့ပါတယ်။
အက်သလက်တီကိုဟာ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် လုပ်ခ်မန်းကို ၂၀၃၀ ခုနှစ် ဇွန်လအထိ စာချုပ်ဖြင့် ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ချာလ်တန်တွင် ကစားသမားဘဝ စတင်ခဲ့တဲ့ လုပ်ခ်မန်းဟာ ဖူလ်ဟမ်၊ လက်စတာ၊ အဲဗာတန်၊ လိုက်ဇစ်တို့တွင်လည်း ကစားခဲ့ဖူးပါတယ်။

image