ယူနိုက်တက်ရှုံးပွဲမှ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ဝေဖန်ပြောကြားလာတဲ့ ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗား
ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားဟာ ယူနိုက်တက်အား ၃-၂ ဖြင့် ရှုံးနိမ့်ပြီးနောက် ဒိုင်လူကြီးရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှု ပြုလုပ်လာပါတယ်။
မာကိုဆေးလ်ဗားဟာ ယူနိုက်တက်အား ဒိုင်လူကြီးက ပင်နယ်တီပေးပေမယ့် VAR ဒိုင်က ဖရီးကစ် ပြောင်းလဲ ပေးလိုက်တဲ့ ဖြစ်စဉ်တွင် စောဒကတက်မှုကြောင့် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ယင်းပွဲစဉ်တွင် ဒိုင်လူကြီးဂျွန်ဘရွတ်ခ်က ကန်ညာကို ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ယူနိုက်တက်ဘက်သို့ ပင်နယ်တီပေးခဲ့ပါတယ်။ ဒါပေမယ့် VAR ဒိုင်က ယင်းအဖြစ်အပျက်ကို စစ်ဆေးပြီးနောက် ဖရီးကစ်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖရီးကစ်မှ တဆင့် ကက်စ်မီရိုရဲ့ ခေါင်းတိုက်ဂိုးဖြင့် ဂိုး ရရှိသွားပါတယ်?
ပွဲအပြီးတွင် ပေါ်တူဂီလူမျိုးနည်းပြက "ဖြစ်သွားတာက ဖြစ်သွားပြီ။ ခက်ခဲတယ်။ ဒါပေမယ့် လက်ခံရမယ်။ ပွဲရဲ့ ဇာတ်လမ်းက ဂျွန်ဘရွတ်ခ်ရဲ့ ပင်နယ်တီပေးတဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်နဲ့ စခဲ့တယ်။ တကယ့်ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ။ တကယ့်အမှားကြီးပါ။ ဒီစိတ်ပျက်စရာကို နောက်ပွဲ နိုင်ပွဲအဖြစ် အသုံးချရမယ်"လို့ ပြောကြားသွားပါတယ်။
ဘရွတ်ခ်က ပင်နယ်တီပေးလိုက်တဲ့ ဖြစ်စဉ်တွင် အနှေးပြကွက်များအရ ကူအန်ကာမှာ ကန်ညာအား အောင်မြင်တဲ့ ဘောလုံးဖျက်ထုတ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း တွေ့ရပါတယ်။
VAR ဒိုင်ဘဲလ်နှင့် လက်ထောက်အက်ဝတ်စမတ်တို့က ယင်းအဖြစ်အပျက်ကို စစ်ဆေးပြီးနောက် ကန်ညာကို ဧရိယာအပြင်တွင် အင်္ကျီဆွဲတယ်ဆိုပြီး ဖရီးကစ်ပြောင်းလဲပေးခဲ့တာပါ။
ဖူလ်ဟမ်ရဲ့ ကယ်ဗင်ဘစ်ဆေမှာလည်း ဘော်လ်ဘီချာလ်တန်ပွဲကြည့်စင်ရှိ ပရိသတ်အချို့နှင့် ပြဿနာတက်မှုအတွက် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။