ဒေါ်နယ်ထရမ့်၏ စီမံခန့်ခွဲမှုပုံစံက ဒေါ်လာငွေလဲနှုန်းအပေါ် ဆိုးကျိုးသက်ရောက်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စီမံခန့်ခွဲမှုပုံစံသည် အမေရိကန်ဒေါ်လာ၏ ငွေလဲနှုန်းကို ဆိုးရွားစွာ ထိခိုက်စေရုံသာမက နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရာတွင်လည်း အဟန့်အတား ဖြစ်စေနိုင်ကြောင်း The Washington Post သတင်းစာက ရေးသားဖော်ပြသည်။
အဆိုပါ ဆောင်းပါးအရ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် ထရမ့် အာဏာပြန်ရလာပြီးကတည်းက ဒေါ်လာတန်ဖိုးမှာ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကြောင်း သိရသည်။ "ဒီနှစ်မှာလည်း ဒေါ်လာတန်ဖိုးက နောက်ထပ် ၁၀ ရာခိုင်နှုန်းလောက် ထပ်ကျဦးမယ်လို့ ကျွန်တော်ထင်တယ်" ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ Brookings Institution ၏ အကြီးတန်းသုတေသနပညာရှင် စီးပွားရေးပညာရှင် ရော်ဘင်ဘရွတ်စ်က ပြောကြားခဲ့သည်။ "ရင်းနှီးမြှုပ်နှံသူတွေကြားမှာ အခုလို မူဝါဒပိုင်းဆိုင်ရာ ရှုပ်ထွေးပွေလီမှုတွေအပေါ် ပြင်းပြင်းထန်ထန် မနှစ်သက်တာမျိုးတွေ ရှိနေတယ်" ဟုလည်း သူက မှတ်ချက်ပြုသည်။
"ဒေါ်လာဈေး ကျဆင်းရခြင်းရဲ့ အဓိကသော့ချက်ကတော့ အကောက်ခွန်ကိစ္စတွေနဲ့ နိုင်ငံအတော်များများအပေါ် စစ်ရေးအရ အရေးယူမယ့်ကိစ္စတွေမှာ သမ္မတ(ဒေါ်နယ်ထရမ့်) ရဲ့ ခန့်မှန်းရခက်တဲ့ မူဝါဒချမှတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်ရိုက်ခတ်မှုတွေပဲ ဖြစ်နိုင်တယ်" ဟု သတင်းစာက အလေးပေးဖော်ပြထားသည်။
"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက မန်နေဂျာ အတော်များများလည်း စိတ်ကုန်နေကြပြီ" ဟုလည်း ဖော်ပြပါရှိသည်။ သတင်းစာ၏ အဆိုအရ "ဒေါ်လာတန်ဖိုး အားနည်းနေဦးမည့် အလားအလာမှာ ဆက်ရှိနေဆဲ" ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ဒေါ်လာကို စွန့်ခွာရန် အလောတကြီး မလုပ်ဆောင်ကြသေးသော်လည်း ဒေါ်လာအပေါ် "ယုံကြည်မှုတော့ လျော့နည်းလာပြီ" ဖြစ်ကြောင်း သတင်းစာက ရေးသားထားသည်။

image