အီရန်နိုင်ငံ၌ ဓာတ်ငွေ့ပေါက်ကွဲမှုနှစ်ရပ်ဖြစ်ပွားအနည်းဆုံး ခြောက်ဦးသေဆုံး၍ ၁၄ ဦးဒဏ်ရာရ
အီရန်နိုင်ငံတောင်ပိုင်း ဘန်ဒါအဘတ်စ်ဆိပ်ကမ်းမြို့အဆောက်အအုံတစ်ခု၌ ဇန်နဝါရီ ၃၁ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူနှစ်ဦး သေဆုံးခဲ့ရပြီး ၁၄ ဦး ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။
တာဝန်ရှိသူများ၏ ပဏာမစစ်ဆေးမှုရလဒ်များအရ အဆိုပါပေါက်ကွဲမှုမှာ ဓာတ်ငွေ့ယိုစိမ့်မှု တစ်ရပ်ကြောင့် ပေါ်ပေါက်ခဲ့သည့် ပေါက်ကွဲမှုဖြစ်နိုင်ကြောင်း အီရန်အစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများကြောင့် စစ်ရေးပဋိပက္ခဖြစ်ပွား မည့်အရေး အများက စိုးရိမ်နေကြချိန်တွင်ဘန်ဒါ အဘတ်စ်ဆိပ်ကမ်းမြို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ ရခြင်း ဖြစ်သည်။
အဆောက်အအုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအီရန်အစိုးရ မီဒီယာများက အတည်ပြုထားသည်။
လူမှုမီဒီယာပေါ်၌ ပေါ်ထွက်လာသည့် ဗီဒီယိုဖိုင်များထဲတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျက်စီးနေသည့် အဆောက်အအုံတစ်လုံးနှင့် မော်တော်ယာဉ်များကို တွေ့မြင်နိုင်ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၃၁ ရက်မှာပင် အီရတ်နယ်စပ်အနီးရှိ အာဘတ်စ်အမည်ရှိမြို့၌ ဓာတ်ငွေ့ ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးခဲ့ရကြောင်း အီရန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၃၁ ရက်တွင် ဖြစ်ပွားခဲ့သောအထက်ပါပေါက်ကွဲမှုများတွင် အစ္စရေးပါဝင်ပတ် သက်မှုမရှိကြောင်း အစ္စရေးအစိုးရက ပြောကြားထားပြီး အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနကမူ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။