အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးရန် ဆောင်ရွက်နေ
------------------------------------
လက်ရှိ တစ်ရက်ကို လျှပ်စစ်ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂဝပ်နာရီ) အထိ ထုတ်လုပ်ရရှိနေပြီ ဖြစ်ရာ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေတွေ နဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။
လက်ရှိမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိတဲ့ အရင်းအမြစ် အလိုက် တပ် ဆင်အင်အားမှာ ရေအားလျှပ်စစ် စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ နှစ်ရုံ ၊ နေရောင်ခြည်သုံး စွမ်းအင်စက်ရုံ ၁၂ ရုံ စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၆၇၂၅ မဂ္ဂါဝပ်အထိ ရှိတယ်လို့ ပြည် ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောပါတယ်။
မိမိတို့နိုင်ငံမှာ ဒီနေ့အထိ ဓာတ်အားရရှိမှုအနေနဲ့ ၇၀ ဒသမ ၄၃ ရာခိုင်နှုန်း ရှိပြီး မီးသုံးသူ ၆၉ သိန်းလောက် ရှိ ကြောင်း၊ အိမ်သုံးနှုန်းအနေနဲ့ သုံးစွဲ နေတဲ့ ၁ ယူနစ်ကနေ ၅၀ ယူနစ်အထိ သုံးစွဲသူ ၄၂ ရာခိုင်နှုန်း နဲ့ ၅၁ ယူနစ်ကနေ ယူနစ် ၁၀၀ အထိ သုံးစွဲ သူ ၁၉ ရာခိုင်နှုန်းရှိတဲ့အတွက် အိမ်သုံးနှုန်းထားနဲ့ သုံးစွဲနေတဲ့ ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်း လောက် ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အနေနဲ့ အခြေခံကျတဲ့ ပြည်သူတွေ သုံးစွဲနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားခကို ထုတ်လုပ်မှု စရိတ်ထက် နည်းပါးတဲ့ နှုန်းထားတွေနဲ့ နိုင်ငံတော်ကနေ နှစ်စဉ် စိုက်ထုတ်ကျခံပြီး ဖြန့်ဖြူးပေးနေတာ ဖြစ်ကြောင်း၊ အခုလို နိုင်ငံတော်အနေနဲ့ နှစ်စဉ် စိုက်ထုတ်သုံးစွဲနေရပေမဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် စေရေး နဲ့ ဓာတ်အား စဉ်ဆက် မပြတ်ရရှိရေး အတွက် LNG နဲ့ ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ် မြင့်မားပေမဲ့ စက်မှုကဏ္ဍကုန်ထုတ်လုပ် မှုတွေ အရှိန်အဟုန် မပြတ်စေဖို့ ရည်ရွယ်ပြီး မိမိတို့ ဝန်ကြီးဌာနအနေနဲ့ “LNG to Industry” ကို အထူးအလေးပေး ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဒါ့ကြောင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မှု အခြေအနေကို ဆက်လက်ထိန်းသိမ်းဖို့ နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ် မျှတစေဖို့အတွက် စက်မှု နဲ့ စီးပွားရေး လုပ်ငန်းတွေကို စီးပွားရေး နှုန်းထားတစ်ခု သတ် မှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပြီး လုပ်ငန်းရှင်တွေအတွက် ခိုင်မာတဲ့ စွမ်းအင်အာမခံချက်ရှိတဲ့ ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးမှာ ဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ လုပ်ငန်းတွေ အောင်မြင် စွာ တိုးချဲ့ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

image