ဖခင်ကွန်လွန်ပြီး ပထမဆုံးဝင်ကစားတဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် မျက်ရည်ကျခဲ့တဲ့ ကိုနာတေး
=================
အီဘရာဟမ်ကိုနာတေးဟာ ဖခင်ဖြစ်သူ ကွယ်လွန်ပြီး လီဗာပူးအတွက် ပထမဆုံးပြန်ကစားတဲ့ပွဲတွင် ဂိုးသွင်းယူပြီးနောက် မျက်ရည်ကျခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ လီဗာပူးနောက်ခံလူဟာ ဖခင်ဖြစ်သူရဲ့ နာရေးကြောင့် လီဗာပူးရဲ့ ဘုန်းမောက်၊ ကွာရာဘတ်တို့နှင့်ပွဲစဉ်များအား လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ စနေနေ့ညတုန်းက နယူးကာဆယ်အား ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာတော့ ပြန်လည် ကစားလာနိုင်ခဲ့ပြီး လီဗာပူးရဲ့ စတုတ္ထဂိုးအား သွင်းယူခဲ့ပါတယ်။
သူဟာ ဇန်နဝါရီလအစောပိုင်းတုန်းက မာဆေးနှင့်ပွဲမတိုင်မီ ကိုယ်ရေးကိုယ်တာကြောင့်ဟု ဆိုကာ လီဗာပူးလူစာရင်းမှ နုတ်ထွက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ပြင်သစ်နောက်ခံလူက ဖခင်ဖြစ်သူရဲ့ နာရေးကြောင့် အိမ်ပြန်ခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။
သူဟာ ဖခင်ဖြစ်သူရဲ့ နာရေးကြောင့် လီဗာပူးရဲ့ ပွဲ ၃ ပွဲအား လွဲချော်ခဲ့ပြီးနောက် နယူးကာဆယ်နှင့်ပွဲမှာတော့ ပွဲထွက်လူစာရင်းမှာ ပြန်လည် ပါဝင်ခဲ့ပါတယ်။
သူဟာ နယူးကာဆယ်နှင့်ပွဲတွင် လီဗာပူးအတွက် ခံစစ်တံတိုင်းကောင်းတစ်ခု ဖြစ်ခဲ့သလို ပွဲပြီးခါနီးတွင် အသင်းရဲ့ စတုတ္ထဂိုးကိုလည်း သွင်းယူခဲ့ပါတယ်။
ကိုနာတေးဟာ ဂိုးသွင်းယူပြီးနောက် ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ မျက်ရည်ကျခဲ့ကာ အသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်က နှစ်သိမ့်မှု ပြုလုပ်ပေးခဲ့ပါတယ်။
ပွဲအပြီးတွင် ကိုနာတေးက "အခု ဘယ်လို ခံစားနေရတယ်ဆိုတာ ပြောပြဖို့ စကားလုံး မရှိပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် နောက်ဆုံးနှစ်ပတ်တာကာလက အခက်ခဲဆုံးကာလပါ။ ဒါပေမယ့် ဒါက ဘဝရဲ့အစိတ်အပိုင်းဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးနည်းပြအန်းဆလော့ဘက်က ကိုနာတေးအား လိုအပ်သလောက် အချိန်ယူရန် ခွင့်ပြုထားခဲ့ပေမယ့်လည်း ကာယကံရှင်ကိုယ်တိုင်က အသင်းကို ကူညီလိုမှုနှင့်အတူ ပြန်ကစားလာတာပါ။
ကိုနာတေးက "မန်နေဂျာက အလျှင်မလို့ဖို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အသင်းကို ကူညီဖို့က အရေးကြီးတဲ့အရာပါ"လို့ ပြောကြားသွားပါတယ်။
ကိုနာတေးဟာ ယခုရာသီအကုန်တွင် လီဗာပူးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်ပြီး သတင်းများစွာ ထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။