ချင်းမိုင်မှာ တော်ဝင်ထိုင်းလေတပ် လေယာဉ်ပျက်ကျ၊ လူနှစ်ဦး သေဆုံး
ထိုင်းဘုရင့်လေတပ်မတော်(အာရ်တီအေအက်ဖ်) ၏ AT-6 TH အမျိုးအစားလေယာဉ်တစ်စင်းသည် ကြာသပတေးနေ့နံနက်ပိုင်းက ချင်းမိုင်ပြည်နယ်တွင် ပျက်ကျခဲ့သောကြောင့် လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့သည်။
တိုက်လေယာဉ်ငယ်သည် ချွမ်ထောင်ခရိုင် ဟွေးမြောင်ဖန်ဆိုင်းရွာရှိ တောထဲတွင် လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လေတပ်၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ကျယ်လောင်သည့် ပေါက်ကွဲသံနှစ်ခုကို ကြားခဲ့ပြီးနောက် လေယာဉ်သည် ပေါက်ကွဲမီးလောင်သွားခဲ့သည်ဟု ဒေသခံများက ပြောဆိုကြောင်း အမ်မရင်တီဗွီက ဖော်ပြခဲ့သည်။
ထိုင်းလေတပ်တွင် တိုက်ခိုက် ရေးမစ်ရှင်များအပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် AT-6 TH လေယာဉ်ရှစ်စီးရှိသည်။ အဆိုပါလေယာဉ်အုပ်စုသည် မြောက်ပိုင်းပြည်နယ်ရှိ အမှတ် ၄၁ လေတပ်ရင်းတွင် အခြေစိုက်သည်။