မိုးမိတ်ကို ဌာနဆိုင်ရာ ဝန်ထမ်းတွေ မဝင်ရောက်နိုင်သေး

အစိုးရတပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIA) တို့ကြား စစ်ရေး တင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ကို အစိုးရဌာနဆိုင်ရာ အဖွဲ့ တွေ မဝင်ရောက်နိုင်သေးဘူးလို့ ဌာနဆိုင်ရာအဖွဲ့တချို့ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို အစိုးရတပ်က TNLA တပ်ဖွဲ့ထံကနေ ပြန်လည်လွှဲပြောင်းယူခဲ့ပြီး KIA၊ PDF အပါအဝင် NUG လက်အောက်ခံတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
အခုလ ၂၁ ရက်နေ့မှာတော့ မိုးကုတ်မြို့ကို အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေပြီဖြစ်ပေမယ့် မိုးမိတ်မြို့ကိုတော့ အစိုးရဝန်ထမ်းတွေ မရောက်နိုင်သေးပါဘူး။
“တပ်ကတော့ မိုးမိတ်ကို ရောက်နေပြီပေါ့နော်။ မြို့ထဲရပ်ကွက်တွေနဲ့ မြို့ပြင် နေရာတွေကို နယ်မြေရှင်းနေတာပေါ့။ ဌာနဆိုင်ရာဝန်ထမ်းတွေ ကတော့ မဝင်နိုင်သေးပါဘူး။ မိုးကုတ်နဲ့ မိုးမိတ်ကြားမှာကို တိုက်ပွဲတွေ ဖြစ်နေတာ။ သွားဖို့ မလွယ်သေးဘူး” လို့ မိုးမိတ်မြို့ ဌာနဆိုင်ရာဝန်ထမ်းတယောက်က ပြောပါတယ်။
မိုးမိတ်မြို့ ဝန်ထမ်းတွေအားလုံး ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမှာပဲ ခြေစိုက် ထား ရတယ်လို့ သိရပါတယ်။
မိုးကုတ်မှာတော့ အစိုးရအုပ်ချုပ်ရေးစနစ် လည်ပတ်ဖို့ စတင်နေပြီး ဆေးရုံနဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“ဆေးရုံတော့ သန့်ရှင်းရေးတွေ လုပ်နေပြီ။ ပြန်ဖွင့်မယ်ထင်တယ်။ မြို့ခံတွေ ကတော့ သိပ်ပြန်မလာရဲကြသေးဘူး” လို့ မိုးကုတ်မြို့ခံတယောက် က ပြောပါတယ်။
ကျောက်အရောင်းအဝယ်လုပ်တဲ့ မိုးကုတ်ကျောက်ဝိုင်းနေရာမှာတော့ လူစည်ကားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ပေါ်မှာ အစိုးရအုပ်ချုပ်ရေး လည်ပတ်နေပြီဖြစ်ပေမယ့် မြို့ပတ် လည်မှာတော့ အစိုးရတပ်နဲ့ NUG လက်အောက်ခံတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ပေါ်က အစိုးရဌာနဆိုင်ရာရုံးတွေ မကြာခဏ ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံနေရပြီး မြို့ခံတချို့ သေဆုံးတာတွေရှိတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
အခုလ ၂၂ ရက်နေ့ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်း စုပေါင်းရုံးနားကို ရှော့တိုက်ဒုံးတွေ ကျလို့ အမျိုးသား သုံးယောက် သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံတွေထံကနေ သိရပါတယ်။
၁၀၂၇ တိုက်ပွဲကာလမှာ မိုးကုတ်နဲ့ မိုးမိတ်ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး တရုတ်အစိုးရရဲ့ ညှိနှိုင်းပေးမှုနဲ့ အစိုးရစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် TNLA က မိုးကုတ်နဲ့ မိုးမိတ်မြို့ကို အစိုးရတပ်ဖွဲ့တွေထံကို ၂၀၂၅ နိုဝင်ဘာမှာ ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

image