ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်နေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အခြေစိုက် ဓည၀တီ ရေတပ်ဌာနချုပ်အနီးမှာ တိုက်ပွဲ ပြင်းထန်နေပြီး အစိုးရတပ်က ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေ အသုံးပြုကာ AA တပ်တွေကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ ဓညဝတီရေတပ် ဌာနချုပ်နဲ့ ၄ မိုင်ခန့်အကွာက ဇင်ချောင်း၊ သိုင်းချောင်း၊ ကြတ္တိန်၊ ကုလာဘာ၊ ဦးကင်း အစရှိတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အစိုးရတပ်က စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်နေသလို စက်တပ်လေထီး (ပါရာမော်တာ) တွေကိုပါ အသုံးပြု တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ရွာတွေက ရေတပ်ဌာနချုပ်ကိုသွားတဲ့ လမ်းမှာရှိနေတာ။ AA တပ်တွေ ကျောက်ဖြူမြို့ထဲ ဝင်မယ်ဆိုတဲ့ သတင်းကြောင့် အစိုးရတပ်က မြို့နားထိ တပ်ဆုတ် နေရာယူထားတယ်။ စက်သေနတ် ပစ်ခတ်သံတွေ၊ လက်နက်ကြီးသံတွေကတော့ နေ့တိုင်း ကြားနေရတာ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ်ထဲမှာ အစိုးရတပ်က အင်အားတိုးမြှင့်ပြီး လုံခြုံရေး တင်းကျပ်ထားသလို စစ်ကူအင်အား အမြောက်အမြားကိုလည်း မကြာခဏ ပို့ဆောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“ထိုးစစ်ဆင်နေတာကတော့ နှစ်ဖက်စလုံးလို့ပဲ ပြောရမယ်။ ဦးကင်းနဲ့ ကုလာဘာတောင်ဘက်က AA တပ်စွဲထားတဲ့ နေရာတွေကို အစိုးရတပ်က စစ်ကြောင်းတွေလွှတ်ပြီး တိုက်ခိုက်နေတယ်။ အဲဒီနေရာတွေမှာတော့ တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ အဲဒီနေရာကနေ AA ရှေ့တိုးမလာနိုင်အောင် အစိုးရတပ်က နေဗီပစ်ကူတွေနဲ့ရော၊ လေကြောင်း၊ ဒရုန်း၊ စက်တပ်လေထီးတွေပါ ဆက်တိုက်သုံးပြီး တိုက်ခိုက်နေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်က မင်းတပ်တောင်နဲ့ သိုင်းချောင်း ပတ်ဝန်းကျင်ကို ထိုးစစ်ဆင်နေသလို AA ဘက်ကလည်း ဓညဝတီ ရေတပ်ဌာနချုပ်အနီးကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ မြို့နဲ့အနီးတဝိုက်ကို အစိုးရတပ်က ထိန်းချုပ်ထားပြီး လူမရှိတော့တဲ့ ကျေးရွာပေါင်း ၂၀ ကျော်မှာ နေရာယူ တပ်စွဲထားသလို တောင်ကုန်းတချို့မှာ ဗျူဟာကုန်းအသစ် အနေနဲ့ တပ်စွဲထားကာ လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနဲ့ မြန်မာအစိုးရ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေ တည်ရှိနေတယ်လို့ သိရပါတယ်။