ပထမဆုံးလက်ဝှေ့ပွဲ လက်ခံကျင်းပဖို့ လုပ်ဆောင်လာတဲ့ ပရီးမီးယားလိဂ်အသင်း
=================
ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းဟာ လက်ဝှေ့ပွဲကြီးတစ်ပွဲ လက်ခံကျင်းပလာမယ့် နောက်ထပ် ပရီးမီးယားလိဂ်အသင်းတစ်သင်း ဖြစ်လာဖို့ ရှိနေပါတယ်။
ယခင်တုန်းက အစ္စဝှစ်ချ်ရဲ့ Portman Road ၊ ဘုန်းမောက်ရဲ့ Vitality Stadium တို့ အပါအဝင် ပရီးမီးယားလိဂ်ကွင်းများမှာ မျှော်လင့်မထားတဲ့ လက်ဝှေ့ပွဲများ ကျင်းပခဲ့ဖူးပြီးလည်း ဖြစ်ပါတယ်။
ဘုန်းမောက်ရဲ့ တစ်ရာသီစာလက်မှတ်ပိုင်ရှင် ခရစ်ဘယ်လမ်စမစ်ဟာ ၂၀၂၃ တုန်းက အိမ်ကွင်းမှာ ခရူဇာဝိတ်တန်းချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
ဟဲဗီးဝိတ်လက်ဝှေ့သမားဖေဘီယိုဝါဒလေဟာလည်း ပြီးခဲ့တဲ့နှစ်တုန်းက အစ္စဝှစ်ချ်ရဲ့ ကွင်းမှာ ဂျပ်စတစ်ဟူနီကို အလဲထိုးဖြင့် အနိုင်ယူဖူးပါတယ်။
စပါးစ်ရဲ့ ပေါင် ၁ ဘီလီယံတန်ကွင်းမှာ ပြီးခဲ့တဲ့နှစ်တုန်းက ခရစ်အူဘန့်ခ်နှင့် ကော်နာဘန်းတို့ရဲ့ ပွဲ ၂ ပွဲအား လက်ခံကျင်းပဖူးပါတယ်။
ယခု ပရီးမီးယားလိဂ်တွင် အဆင့် ၁၀ နေရာမှာ ရပ်တည်ကာ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ဆန်းဒါးလန်းဟာလည်း လက်ဝှေ့လောကထဲသို့ ဝင်ရောက်ရန် တာစူနေပါတယ်။
ဆန်းဒါးလန်းရဲ့ ‘Til I Die စီးရီးမှာ Netflix တွင် နာမည်ကြီးတဲ့ စီးရီးတစ်ခု ဖြစ်ပြီး တတိယစီစင် ထုတ်လွှင့်နေပါတယ်။ ယင်းသို့ Netflix နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေမှုနှင့်အတူ လက်ဝှေ့ပွဲအား လက်ခံကျင်းပရန် အခြေအနေကောင်းနေတာလည်း ဖြစ်ပါတယ်။
ဆန်းဒါးလန်းရဲ့ အလင်းရောင်ကွင်းကို ၁၉၉၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပြီး ပရိသတ် ၄၉၀၀၀ ဆန့်ပေမယ့် လက်ဝှေ့ပွဲအတွက်ဆို ပရိသတ်ပိုမိုဝင်ဆန့်လာပါဦးမယ်။
အလင်းရောင်ကွင်းမှာ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်များအပြင် ရက်ဘီပွဲများလည်း လက်ခံကျင်းပဖူးပြီး ဖြစ်ပါတယ်။
ယခု ဆန်းဒါးလန်းဟာ အလင်းရောင်ကွင်းတွင် လက်ဝှေ့ပွဲ လက်ခံကျင်းပရေး ခြေလှမ်းလှမ်းနေပြီလည်း ဖြစ်ပါတယ်။
တကယ်တော့ ဆန်းဒါးလန်းရဲ့ တည်နေရာက လက်ဝှေ့နှင့် စိမ်းတဲ့ နေရာတော့ မဟုတ်ပါဘူး။ ဂန္ထဝင်လက်ဝှေ့ကျော်အမြောက်အမြားလာရောက်ဖူးတဲ့ နေရာ ဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်တုန်းက လက်ဝှေ့ဂန္ထဝင်မိုဟာမက်အလီ တိုင်နီဆိုက်သို့ လာရောက်လည်ပတ်ကာ ဒေသတွင်း အပျော်တမ်းလက်ဝှေ့ကလပ်တစ်ခုသို့ သွားရောက်လည်ပတ်ကာ ပရိသတ်များနှင့် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အလီဟာ ဆန်းဒါးလန်းရဲ့အလင်းရောင်ကွင်းသို့တော့ မရောက်ခဲ့ပါဘူး။
စနေနေ့ညတွင် နယူးကာဆယ်အရီနာတွင် ရုရှားလက်ဝှေ့သမားဘက်ခရမ်မူတာဇာလီနှင့် ထိုးသတ်မယ့် ဂျို့စ်ကယ်လီမှာ ဆန်းဒါးလန်းအကယ်ဒမီတွင် ကစားခဲ့ဖူးသူ ဖြစ်ပြီး ယနေ့တိုင် အလင်းရောင်ကွင်းသို့ လာရောက်ကာ ပွဲများ ကြည့်နေသူ ဖြစ်ပါတယ်။