ဘာစီလိုနာအတွက် ဖရီးကစ်မှ ဂိုးသွင်းယူပြီးနောက် ဒေးဗစ်ဘက်ဟမ်းရဲ့ စံချိန်ကို လိုက်မီလာတဲ့ မားကပ်စ်ရက်ဖို့ဒ်
=======================
မားကပ်စ်ရက်ဖို့ဒ်ဟာ ချန်ပီယံလိဂ်တွင် ဘာစီလိုနာအတွက် ဖရီးကစ်မှ တိုက်ရိုက် ဂိုးသွင်းယူပြီးနောက် ယူနိုက်တက်ဂန္ထဝင်ဆာဒေးဗစ်ဘက်ဟမ်းရဲ့ စံချိန်ကို လိုက်မီလာခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ယူနိုက်တက်မှ ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းရွှေ့လာပြီးနောက် စပိန်တွင် အလျှင်အမြန်အထိုင်ကျကာ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးဟာ ဘာစီလိုနာအတွက် ဖရီးကစ်မှ တဆင့် ဂိုးသွင်းပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ဟမ်းရဲ့ စံချိန်ကို လိုက်မီလာပါတယ်။
ဒေးဗစ်ဘက်ဟမ်းလိုပဲ ယူနိုက်တက်အကယ်ဒမီမှ ထွက်ပေါ်လာတဲ့ ရက်ဖို့ဒ်ဟာ စီနီယာအသင်းသို့ တက်လှမ်းလာပြီးနောက် ရိုင်ယန်ဂစ်ကဲ့သို့ ကစားသမားဘဝတစ်ခုလုံးကို ယူနိုက်တက်တွင် ကုန်ဆုံးလာမယ့်သူအဖြစ် ယုံကြည်ခဲ့ကြရပါတယ်။
သူဟာ ၂၀၂၂-၂၃ ရာသီတွင် ကစားသမားဘဝ အကောင်းဆုံးရာသီအဖြစ် ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပြီးနောက် လုပ်ခများစွာ တိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် နောက်တစ်ရာသီမှာတော့ မားကပ်စ်ရက်ဖို့ဒ်ဟာ အံ့ဩသင့်ဖို့ကောင်းစွာ ခြေစွမ်းကျဆင်းသွားခဲ့ပြီး ရူဘင်အမိုရမ် ရောက်လာချိန်တွင် ပြဿနာတက်ပြီးနောက် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ဗီလာသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
သူဟာ ဗီလာတွင် ၆ လအငှားဖြင့် ကစားပြီးနောက် နွေရာသီမှာတော့ ကစားသမားဘဝ အိပ်မက်ကလပ်ဖြစ်တဲ့ ဘာစီလိုနာသို့ ပြောင်းလာခဲ့ပါတယ်။
ဘာစီလိုနာမှာတော့ သူဟာ အကောင်းဆုံးပုံစံ ပြန်လည်ရှာတွေ့ကာ ကိုပင်ဟေဂင်အား ၄-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဖရီးကစ်မှ တဆင့် ယခုရာသီ ၉ ဂိုးမြောက်ဂိုးအား သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ လူစားဝင်ရောက်လာပြီးနောက် ပွဲချိန် ၈၅ မိနစ်မှာ ကိုက် ၂၀ အကွာမှ ဖရီးကစ်အား တိုက်ရိုက်ကန်သွင်းကာ စတုတ္ထဂိုးအား သွင်းယူခဲ့ပါတယ်။
ယင်းဂိုးကြောင့် မားကပ်စ်ရက်ဖို့ဒ်ဟာ ဒေးဗစ်ဘက်ဟမ်းနှင့်အတူ ချန်ပီယံလိဂ်တွင် ကလပ်နှစ်ခုအတွက် ဖရီးကစ်မှ တဆင့် ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် အင်္ဂလိပ်ကစားသမား ဖြစ်လာခဲပါတယ်။
ဒေးဗစ်ဘက်ဟမ်းဟာ ကစားသမားဘဝတုန်းက ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်တို့အတွက် ချန်ပီယံလိဂ်တွင် ဖရီးကစ်မှ ဂိုးသွင်းခဲ့တာပါ။
မားကပ်စ်ရက်ဖို့ဒ်ဟာ ဘာစီလိုနာတွင် အငှားဖြင့် ကစားစဉ်အတွင်း ခြေစွမ်းပြ ကစားနိုင်မှုနှင့်အတူ ရာသီအကုန်တွင် အပြီးသတ်ပြောင်းရွှေ့ခွင့်ရလာမယ်လို့လည်း ယုံကြည်ရပါတယ်။