ရွေးကောက်တင်မြှောက်ခံရပါက ထိုင်းနိုင်ငံရှိ မြန်မာ NGO များကို နှိမ်နင်းမည်ဟု Thai Pakdee ပါတီ ပြောကြား
ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်းပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရမည်ဆိုပါက ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများအတွက် ဆောင်ရွက်ပေးနေသည့် မြန်မာ NGO များကို နှိမ်နင်းမည်ဟု ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ်ပါတီဖြစ်သည့် Thai Pakdee ပါတီက ပြောကြားခဲ့သည်။
Thai Pakdee ပါတီသည် ဇန်နဝါရီ ၂၇ ရက်တွင် ၎င်း၏ Facebool page ၌ မဲဆွယ်စည်းရုံးရေးဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပြီး အဆိုပါဗီဒီယိုဖိုင်ထဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ နယ်မြေအချို့ကို မြန်မာနိုင်ငံသားများ သိမ်းယူမည့်အရေးကို စိုးရိမ်ရသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အလုပ်သမားအခွင့်အရေးများအတွက် လှုပ်ရှားပေးနေပြီး အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရေးကို အကူအညီပေးနေသည့် မြန်မာ NGO များကို နှိမ်နင်းမည်ဖြစ်ကြောင်း Thai Pakdee ပါတီက ပြောကြားခဲ့သည်။
အမည်မဖော်ပြထားသည့် ထိုင်းနိုင်ငံရေးပါတီ ၂ ခုကလည်း အဆိုပါ NGO အဖွဲ့များကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း Thai Pakdee ပါတီက ပြောကြားခဲ့သည်။
ထို့ပြင် Thai Pakdee ပါတီသည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်ရှိအခြေအနေကို ဥရောပနိုင်ငံများသို့ မွတ်ဆလင်ရွှေ့ပြောင်းနေထိုင်သူများ အများအပြားဝင်ရောက်သည့် အခြေအနေနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်ဟု Khaosod English သတင်းဝက်ဘ်ဆိုက်၏ Facebook page တွင် ဖော်ပြခဲ့သည်။