လားရှိုးမှာ ဆရာတော်တပါး လုပ်ကြံခံရပြီး ပျံလွန်တော်မူ

လားရှိုးမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မဟာဗောဓါရုံကျောင်းတိုက်က ဆရာတော်တပါး လုပ်ကြံခံရပြီး ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်း ၆ နာရီလောက်မှာ ဆွမ်းကပ်မယ်ဆိုပြီး အမျိုးသားနှစ်ယောက် ရောက်လာပြီး လုပ်ကြံသတ်ဖြတ်သွားတာလို့ သိရပါတယ်။
“မနက်ပိုင်း ဆရာတော် လမ်းလျှောက်နေတုန်း ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက် ရောက်လာတယ်။ ဆွမ်းကပ်မယ်ဆိုပြီး ချိုင့်နဲ့လာတာ။ ဆရာတော်က လမ်းလျှောက်နေတာဆိုတော့ ကျောင်းမှာ မရှိဘူး။ အဲ့ဒါနဲ့ ကျောင်းက ဆရာ တော် တပါးက ဖုန်းဆက်ပေးလိုက်တော့ ဆရာတော် ပြန်ရောက်လာတယ်။ ဖုန်းဆက် ပေးတဲ့ ဆရာတော်လည်း သူ့ဒကာတွေပါပဲဆိုပြီး ထားခဲ့တယ်။ နောက်မှ မနက်ဆွမ်းကပ်နေကြ ဒကာတစ်ယောက် ထပ်ရောက်လာတဲ့အချိန် မှ ဆရာတော် အသတ်ခံထားရတာ သိရတာ”လို့ ဖြစ်စဉ်အခြေအနေသိရှိတဲ့ လားရှိုးမြို့ခံတ​ေယာက်ကပြောပါတယ်။
ဆရာတော်ရဲ့ ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ဓားဒဏ်ရာ ၁၃ချက်နဲ့ ပျံ​တော်မူနေတာကို တွေ့ရတယ်လို့မြို့ခံတွေကပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်က သက်တော် ၅၆ နှစ်အရွယ် ဥူးကေသရ ဖြစ်ပြီး မဟာဗောဓရုံကျောင်းရဲ့ စာချဆရာတော်တစ်ပါးလည်းဖြစ်တယ်လို့ သိရပါတယ်။
“ဆရာတော်က ထေကြီးဝါကြီး ဆရာတော်တပါးပါ။ လားရှိုးမှာ တိုက်ပွဲတွေ ဖြစ်တုန်းကလည်း ဒကာ ဒကာမတွေကို ကူညီပေးခဲ့တဲ့ ဆရာ တော်ပါ။ ဒီလိုဖြစ်သွားတာကို စိတ်မကောင်းဖြစ်ရတယ်” လို့ ဆရာတော်နဲ့ ရင်းနှီးတဲ့ ဒကာတယောက်ကပြောပါတယ်။
လုပ်ကြံသွားသူ အမျိုးသားနှစ်ယောက်ကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက လိုက်လံစုံစမ်းနေပြီး လားရှိုးအမှတ် (၁) ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၂) နဲ့ အမှုဖွင့်ထားတယ်လို့ တရားစွဲအဖွဲ့အစည်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက​နေ သိရပါတယ်။

image