6 ရက် - ဘာသာပြန်ပါ။

အမြန်လမ်းမှာ ယာဥ်တစီးကို ခရီးသည်နဲ့ ကုန်ပစ္စည်း (၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြု

ဆွာချောင်း ယာယီဘေလီတံတားရဲ့ ခံနိုင်ဝန်အား ကန့်သတ်ချက်ကြောင့် အမြန်လမ်း အသုံးပြုနေတဲ့ ယာဉ်တွေကို ၂၃ တန်အထိသာ အများဆုံး သယ်ဆောင်ဖို့ ခွင့်ပြုထားတယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က ဆွာချောင်းတံတား အသစ်တည်ဆောက်ခြင်း ပြီးစီးတဲ့အထိ အမြန်လမ်းတိုးဂိတ် ကတ္တားတွေမှာ ခရီးသည်တင် မှန်လုံယာဉ်ကြီးတွေနဲ့ ခွင့်ပြု ကုန်စည်တင်ယာဉ်တွေကို ယာဥ်၊ ခရီးသည်နဲ့ ကုန်ပစ္စည်း စုစုပေါင်း ၂၃ တန် အထိသာ အများဆုံး သယ်ဆောင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။
အဲဒီလမ်းပိုင်း အခြေအနေနဲ့ ပတ်သက်လို့ ယာဉ်မောင်းတယောက်က “အမြန်လမ်းမှာ ၁၁၅ မိုင်ကျော်ရင် လမ်းမကောင်းပါဘူး။ ဆွာချောင်းတံတား ဝန်းကျင်က တော်တော်ကို ဆိုးပါတယ်။ လမ်းတခြမ်း ပိတ်ပြင်နေတဲ့ နေရာတွေရှိသလို၊ လမ်းတခုလုံး ပြင်နေတဲ့ နေရာတွေလည်း ရှိတယ်။ လမ်းလွှဲက မောင်းရတာတွေလည်း ရှိတာဆိုတော့ သတိထားစေချင်တယ်။ မောင်းချိန်က တနာရီခွဲကျော်ဝန်းကျင် ရှိတယ်။ နောက်တခု ပြောချင်တာက လမ်းပြင်‌နေတဲ့သူတွေက ရေသန့်ဘူးလေးတွေ တောင်းတတ်တယ်။ အပိုပါသွားရင် လှူပေးကြစေချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံနဲ့ ၁၆၅ မိုင် ၃ ဖာလုံအတွင်းရှိ ဆွာချောင်းတံတားဟာ အကြီးစား ထိခိုက် ပျက်စီးခဲ့ရတာဖြစ်ပြီး လက်ရှိမှာ နေပြည်တော်ကနေ ရန်ကုန်ကိုသွားတဲ့ လမ်းပေါ် ရှိ တံတားကို အသစ်ပြန်လည် တည်ဆောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တည်ဆောက်နေဆဲ ကာလမှာ ရန်ကုန်ကနေ နေပြည်တော်ကိုသွားတဲ့ လမ်းပေါ်ရှိ တံတားကို အရေးပေါ် ယာယီ အသုံးပြုနိုင်ဖို့ တံတားအောက်ကနေ ဒေါက်တွေ ထောက်ခြင်း၊ တံတားအပေါ်မှာ ဘေလီသံပေါင် တပ်ဆင်ခြင်းတွေ ပြုလုပ်ပြီး သုံးစွဲနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တံတားအသစ် ပြန်လည်တည်ဆောက် ပြီးစီးမယ့် အခု ၂၀၂၆ ခုနှစ်၊ မတ်လကုန်အထိ စုစုပေါင်း အလေးချိန် ၂၃ တန်ထက်ပိုတဲ့ ယာဥ်တွေကို အမြန်လမ်း (လုံးဝ) သုံးစွဲခွင့်ပြုမှာ မဟုတ်ဘဲ တခြားလမ်းတွေကနေ သွားလာရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က ခွင့်ပြုထားတဲ့ ယာဥ်အမျိုးအစားအလိုက် သယ်ဆောင်ခွင့် ပြုထားတဲ့ ယာဥ်နဲ့ ခရီးသည်၊ ကုန်သတ်မှတ် တန်ချိန်တွေကို အသိပေး ကြေညာထားတယ်လို့ သိရပါတယ်။

image