မိုးကုတ်မှာ ကျောက်တူးသူ အယောက် ၂၀၀ ကျော် ဖမ်းဆီးခံရ
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မနေ့ ဇန်ဝါရီ ၂၅ ရက်၊ ညပိုင်းနဲ့ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်၊ မနက်ပိုင်းက ကျောက်တူးသူ အယောက် ၂၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်ဂေါက်ကွင်းနဲ့ အဲဒီ မြို့နယ်ထဲက အကျဉ်းထောင် အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်း ကျောက်တူးနေသူ အရပ်သားတွေကို အစိုးရတပ်က ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့ မနက် ၉ နာရီခွဲလောက်က မိုးကုတ်မြို့က အကျဉ်းထောင် အနောက်ဘက်မှာရှိတဲ့ ချောင်းထဲ ခနဲ (ကျောက်) ဆေးနေကြတဲ့သူတွေ အယောက် ၅၀ ဝန်းကျင် အဖမ်းခံခဲ့ရတာ။ သူတို့တွေက တရက်ကို ကျပ် ငါးသောင်းပေးပြီး လုပ်ရပေမယ့် ပိုက်ဆံယူတဲ့သူက တဖွဲ့၊ ဖမ်းတဲ့သူကတဖွဲ့ ဖြစ်နေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးကုတ်ဂေါက်ကွင်းမှာ တယောက်ကို တည ကျပ် တသိန်းပေးပြီး ကျောက်တူးဖို့ မတတ်နိုင်ကြတဲ့သူတွေဟာ အကျဉ်းထောင် အနောက်ဘက်မှာရှိတဲ့ ချောင်းထဲမှာ အရဲစွန့်ပြီး ရှာဖွေ စားသောက်နေကြရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု ပြန်လွတ်လာကြပါပြီ။ စျေးသွားတဲ့သူတချို့ပါ အဖမ်းခံလိုက်ရသေးပေမယ့် ချက်ချင်းတော့ ပြန်လွှတ်ပေးတယ်။ ခနဲဆေးသူတွေရဲ့ ဆိုင်ကယ်နဲ့ ပစ္စည်းတွေ သိမ်းထားတယ်လို့ ကြားပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ မနေ့ ဇန်နဝါရီ ၂၅ ရက်၊ ညပိုင်းကလည်း မိုးကုတ်ဂေါက်ကွင်းမှာ တရားမဝင် ကျောက်ခိုးတူးနေသူတွေကို အစိုးရစစ်ကြောင်းမှ ဝင်ရောက်ဖမ်းဆီးရာ အယောက် ၂၀၀ ကျော် ဖမ်းမိတယ်လို့ သိရပါတယ်။
“သူတို့တွေလည်း ပြန်လွတ်လာကြပါပြီ။ စက်တွေ၊ ပစ္စည်းတွေကတော့ အသိမ်းခံထားရတယ်။ ဒီက အရပ်သားတွေကလည်း လုပ်စရာအလုပ်က ရှားပါးနေတော့ ရရာအလုပ် လုပ်နေကြရတာ။ ခနဲဆေးတယ် ဆိုတာက ရေစီးနဲ့ မျောပါလာတဲ့ ကျောက်တွေကို ဆန်ခါနဲ့စစ်ပြီး စုတာပါ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
မိုးကုတ်မြို့ရှိ ပတ္တမြားမြေဂေါက်ကွင်း မြေနေရာကို လုပ်ငန်းရှင်တွေက ကျောက်မျက်တူးဖော်ခွင့် ရရှိနိုင်ဖို့ အစိုးရအဆက်ဆက်မှာ ကြိုပမ်းခဲ့ဖူးပေမယ့်လည်း မြို့မိမြို့ဖတွေနဲ့ ဒေသခံ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် တူးဖော်ခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့မှာ ကျောက်အများဆုံး ထွက်ရှိတဲ့ ဂေါက်ကွင်းအနီးက ကျောက်တွင်းတွေမှာ အသေးစားလုပ်ကွက်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့ခံတချို့ကို လုပ်ကိုင်ခွင့် ပြုထားတာ ဖြစ်တယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
TNLA က နိုဝင်ဘာ ၂၀ ရက်နေ့မှာ မိုးကုတ်မြို့ကနေ အပြီးထွက်ခွာဖို့ ပြင်ဆင်ချိန် မြို့အတွင်းက မထွက်ခွာခင် အရည်ကျောက်တွေ အများဆုံးထွက်တဲ့ မိုးကုတ်ဂေါက်ကွင်းမှာ လုပ်ကိုင်ခွင့် ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
မိုးကုတ်ဂေါက်ကွင်းဟာ မြို့အနောက်ဘက်မှာ တည်ရှိပြီး ဧက ၂၀၀ နီးပါး အကျယ်အဝန်းရှိကာ အဲဒီ ဂေါက်ကွင်းကို သဘာဝပတ်ဝန်းကျင် မပျက်စီးရေးအတွက် အစိုးရအဆက်ဆက် ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ကျောက်မျက် ကုမ္ပဏီကြီးဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီတောင် တူးဖော်ခွင့်မရခဲ့တဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA ထိန်းချုပ်ပြီး နောက်ပိုင်းမှာ စက်ယန္တရားတွေ အသုံးပြုကာ သယံဇာတ တူးဖော်ခြင်းတွေ ဆောင်ရွက်ခဲ့တဲ့အတွက် မိုးကုတ်မြို့က ပတ္တမြားမြေ ဂေါက်ကလပ် မြေနေရာဟာ အရင်က ဂေါက်ကွင်းမြေနေရာ ဖြစ်ခဲ့ဖူးတာကိုတောင် မှတ်မိနိုင်ခြင်းမရှိတဲ့ အနေအထားအထိ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။