ဂျိုဟန်ခရိုက်ဖ်ကို ကိုင်တွယ်ခဲ့တဲ့ ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်တဲ့ ဂန္ထဝင်နည်းပြကြီးမှာ စပိုင်တစ်ဦး ဖြစ်နေ
======================
ဂန္ထဝင်နည်းပြစတီဖင်ကိုဗစ်မှာ ရိုမေးနီးယားရဲ့ လူမုန်းများတဲ့ လျို့ဝှက်ရဲတပ်ဖွဲ့ Securitate တွင် အလုပ်လုပ်ခဲ့တဲ့ စပိုင်တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
ကိုဗစ်ဟာ အေဂျက်စ်ကို ၁၉၇၂ နှင့် ၁၉၇၃ ခုနှစ် ဥရောပဖလားတို့ ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အေဂျက်စ်ကို ကိုင်တွယ်စဉ်အတွင်း ဒတ်ချ်စူပါစတားဂျိုဟန်ခရိုက်ဖ်အပါအဝင် စူပါစတားများကို ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။
ကိုဗစ်ဟာ ပြင်သစ်နှင့် ရိုမေးနီးယားအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့သလို မိုနာကို၊ ပါနာသီနိင်ကို့စ်၊ စတူအာဘူခါရက်တို့ကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
ကိုဗစ်ဟာ အသက် ၇၄ နှစ်အရွယ် ၁၉၉၅ ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့ပြီး ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးနည်းပြများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရိုမေးနီးယားသတင်းစာတစ်စောင်ရဲ့ ဖော်ပြလာမှုအရ ကိုဗစ်မှာ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးစပိုင်အဖွဲ့အစည်းများထဲ တစ်ခုထံမှ ၈ နှစ်တိုင်တိုင် ငွေကြေး ရယူကာ အလုပ်လုပ်ပေးခဲ့ကြောင်း သိရပါတယ်။
Gazeta Sporturilor က ကိုဗစ်မှာ ဗာဆယ်မန်တီနူဆိုတဲ့ အမည်ကို အသုံးပြုကာ ၁၉၅၅ ခုနှစ်မှ ၁၉၆၃ ခုနှစ်အတွင်း အလုပ်လုပ်ခဲ့ကြောင်း လျို့ဝှက်ဖိုင်များအရ ဖော်ထုတ်လာပါတယ်။
လျို့ဝှက်ဖိုင်များတွင် ဂန္ထဝင်နည်းပြကိုယ်တိုင်ရေးထားတဲ့ "ရန်လိုတဲ့ အဖွဲ့အစည်းများ က လုပ်ဆောင်တဲ့ အမှောင့်အဖျက်လုပ်ငန်းများအကြောင်းကို ကျွန်တော် သိသမျှ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများထံ ကြိုတင်အသိပေးရန် ကျွန်တော်ဆန္ဒအလျောက် ကတိပြုပါတယ်။ ဆွေးမျိုး သို့မဟုတ် မိတ်ဆွေများအတွက်လည်း ခြွင်းချက် မရှိစေရပါ"လို့ စာလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ယင်းမှတ်တမ်းများတွင် ကိုဗစ်ရဲ့ လုပ်ဆောင်မှုများအပေါ်တွင် မှတ်ချက်ပြုထားတဲ့ လုံခြုံရေးအရာရှိသူများရဲ့ စာရွက် ၃၁ ရွက်လည်း ပါဝင်ပါတယ်။
ကိုဗစ်ဟာ သူနည်းပြအဖြစ် လုပ်ဆောင်နေစဉ်အတွင်း ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် ပတ်သက်ပြီး သတင်းပို့ရတယ်လို့ ယုံကြည်ရပါတယ်။
ကိုဗစ်ဟာ ရိုမေးနီးယားကွန်မြူနစ်ပါတီတွင် အလုပ်လုပ်နေစဉ်အတွင်း ကွဲပြားတဲ့ ဒေသတွင်းကလပ် ၃ ခုကို ကိုင်တွယ်ခဲ့ပါတယ်။
ရိုမေးနီးယားထောက်လှမ်းရေးအဖွဲ့ Securitate ကို ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ကြောက်စရာအကောင်းဆုံးထောက်လှမ်းရေးအဖွဲ့များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ရိုမေးနီးယားသမ္မတနီကိုလေချောင်ဆက်စ်ကူ လက်ထက်တွင် ယင်းထောက်လှမ်းရေးအဖွဲ့ကြောင့် ထောင်ပေါင်းများစွာသော လူများ သေဆုံးခဲ့ရပြီး ၁၉၈၉ ခုနှစ်တွင် အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။