လိုင်ယွန်အတွက် ဟက်ထရစ်သွင်းယူကာ သမိုင်းမှတ်တမ်းရေးထိုးလာတဲ့ အန်းဒရစ်
==================

ရီးရဲလ်မက်ဒရစ်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ အန်းဒရစ်ဟာ မက်ဇ်ကို ၅-၂ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် လိုင်ယွန်သမိုင်းတွင် အသက်အငယ်ဆုံးဟက်ထရစ်သွင်းယူနိုင်သူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ယခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ရီးရဲလ်မက်ဒရစ်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ အန်းဒရစ်ဟာ ပေါ်လိုဖွန်ဆီကာကိုင်တွယ်နေတဲ့ လိုင်ယွန်အတွက် ဟက်ထရစ်သွင်းယူကာ နိုင်ပွဲ ယူဆောင်ပေးပြီး လီဂူး ၁ အဆင့် ၄ နေရာတွင် ရပ်တည်နိုင်အောင် ကူညီပေးထားနိုင်ပါတယ်။
သူဟာ ဒီဇင်ဘာလတွင် လိုင်ယွန်သို့ ရောက်လာပြီးနောက် လိုင်ယွန်အတွက် ပြိုင်ပွဲအရပ်ရပ် ပထမဆုံး ၃ ပွဲတွင် ၄ ဂိုးအထိ သွင်းထားနိုင်ပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ မက်ဇ်ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် အသက် ၁၉ နှစ်နှင့် ၁၈၈ ရက်ဖြင့် လိုင်ယွန်သမိုင်းတွင် အသက်အငယ်ဆုံးဟက်ထရစ်သွင်းယူသူ ဖြစ်လာပါတယ်။
သူဟာ ဘားနတ်လာကွမ်ဘီရဲ့ ၁၉ နှစ်နှင့် ၁၉၆ ရက်စံချိန်ကို ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အန်းဒရစ်ဟာ ၂၁ ရာစုအတွင်းတွင် ဂျီရီမီမီနက်ဇ်(၁၇ နှစ်နှင့် ၂၆၀ ရက်)၊ ကိုင်လီယန်ဘက်ပေး(၁၈ နှစ်နှင့် ၅၃ ရက်)၊ အူစမာနီဒမ်ဘီလီ(၁၈ နှစ်နှင့် ၂၉၆ ရက်)တို့ပြီးလျှင် အသက်အငယ်ဆုံး လီဂူး ၁ ဟက်ထရစ်ရှင်အဖြစ်လည်း သမိုင်းမှတ်တမ်းရေးထိုးလာပါတယ်။
သူဟာ မက်ဇ်နှင့်ပွဲတွင် ဂိုးပေါက်တည့်ကန်ချက် ၆ ကြိမ်အထိ ပြုလုပ်နိုင်ပြီးနောက် ကလပ်သမိုင်းတွင် လီဂူး ၁ မှာ တစ်ပွဲတည်းတွင် ဂိုးပေါက်တည့်ကန်ချက်အများဆုံးကစားသမားအဖြစ် အလက်ဇန္ဒားလာကာဇက်တီ(၂၀၀၆-၀၇ မိုနာကိုနှင့်ပွဲ)နှင့်အတူ မှတ်တမ်းတင်လာပါတယ်။

image