ကစားသမားဘဝမှ အနားယူပြီးမှ ကာဇက်စတန်ကလပ်သို့ ပြောင်းလာတဲ့ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ရ ယူနိုက်တက်စတားဟောင်း
===================

ယူနိုက်တက်စတားဟောင်းနာနီဟာ ကစားသမားဘဝမှ အနားယူပြီးမှ ကာဇက်စတန်ကလပ် FC Aktobe သို့ ပြောင်းရွှေ့လာပါတယ်။
အသက် ၃၉ နှစ်ရှိ နာနီဟာ ယူနိုက်တက်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၇ နှစ်တာ ကစားစဉ်အတွင်း ကလပ်သမိုင်းတွင် အကြီးမားဆုံးအောင်မြင်တဲ့ကာလပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယင်းကာလအတွင်းတွင် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဖလားလည်း ရရှိခဲ့ပါတယ်။
သူဟာ ယူနိုက်တက်အတွက် ပွဲ ၂၃၀ ကစားခဲ့ရာမှာ ၄၁ ဂိုးသွင်းပြီး ၆၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၄-၁၅ ရာသီတွင် ကလပ်ဟောင်းစပို့တင်းလစ္စဘွန်းသို့ အငှားဖြင့် သွားကစားပြီးနောက် ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယိုတို့တွင် ကစားခဲ့သလို ၂၀၁၈-၁၉ ရာသီတွင် စပို့တင်းလစ္စဘွန်းသို့ တတိယအကြိမ်မြောက် သွားကစားခဲ့ပါတယ်။
သူဟာ အမေရိကန်၊ အီတလီ၊ ဩစတြေးလျ၊ တူရကီတို့တွင် ကျင်လည်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပေါ်တူဂီကလပ် Estrela da Amadora သို့ ပြောင်းကစားခဲ့ကာ နောက်ဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ပွဲကစားခဲတာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။
ယင်းနောက်မှာတော့ သူဟာ ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
ဒါပေမယ့် နာနီဟာ ယခုအခါမှာတော့ ကာဇက်စတန်ကလပ်သို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းပြီး ကစားသမားဘဝ ပြန်လည် စတင်လာပါတယ်။
ကာဇက်စတန်ဘောလုံးလောကဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းတွင် များစွာ တိုးတက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပေါင်သန်း ၅၀၀ အထိ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီတုန်းက ကွင်းသစ် ၁၄ ကွင်းတည်ဆောက်ရန် စီစဉ်ထားကြောင်းလည်း ကြေညာထားပါတယ်။
ကာဇက်စတန်လက်ရွေးစင်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်လုနီးပါး အထိ ဖြစ်ခဲ့ပါသေးတယ်။
အခြားကာဇက်စတန်ကလပ်တစ်ခုဖြစ်တဲ့ FC Kaisar Kyzylorda ကလည်း အခြားပရီးမီးယားလိဂ်စတားတစ်ဦး ဖြစ်တဲ့ ချဲလ်ဆီးစတားဟောင်းဗစ်တာမိုးဇက်အား ခေါ်ယူထားပါတယ်။

image