မင်နီဆိုတာမှာ လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုအပေါ် ဆန္ဒပြမှုတွေ ဖြစ်ပွား
အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်ရှိ စီးပွားရေးလုပ်ငန်း ရာပေါင်းများစွာဟာ သောကြာနေ့မှာ လုပ်ငန်းတွေပိတ်လိုက်ပြီး ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ရာသီဥတုအေးခဲ့နေတဲ့အခြေအနေမှာ လမ်းပေါ်ထွက် ဆန္ဒခဲ့ကြပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) ကို ဆန့်ကျင်တဲ့ အနေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဒေသခံတွေအနေနဲ့ အလုပ် သို့မဟုတ် ကျောင်းမတက်ရန်နဲ့ ဈေးဝယ်တာတွေမပြုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာပါ။
ပြည်နယ်အတွင်းမှာ ထရန့်အစိုးရဲ့ လူဝင်မှုကြီးကြပ်ရေးစစ်ဆင်ရေးဟာ သီတင်းခြောက်ပတ်ကြာ လုပ်ဆောင်နေခဲ့တာပါ။ အစိုးရကတော့ နိုင်ငံအတွင်း တရားမဝင် ရာဇဝတ်သားတွေကို နှင်ထုတ်ဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးတခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ။ ဒါပေမယ့် ရာဇဝတ်မှုမှတ်တမ်းမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အမေရိကန်နိုင်ငံသားတွေကိုလည်း ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
သောကြာနေ့ကလည်း ICE မှ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ပို့ဆောင်ပေးရေးကို ငြင်းဆိုဖို့ မင်နီယာပိုလစ်လေဆိပ်မှာ အမေရိကန်လေကြောင်းလိုင်းတွေကို တောင်းဆိုတဲ့ ဆန္ဒပြပွဲအတွင်း လူ ၁၀၀ ကျော်အဖမ်းခံခဲ့ရပါတယ်။
မင်နီဆိုတာကနေ ICE ကို ထွက်ခွာစေလိုပြီး သူတို့ရဲ့ အလွန်အကျွံ ဖမ်းဆီးလုပ်ဆာင်နေတာတွေကြောင့် ပြည်နယ်တိုင်းကနေ ထွက်ခွာသွားဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။ ယခုလအစောပိုင်းမှာ မင်နီယာပိုလစ်မြို့က အသက် ၃၇ နှစ်အရွယ် အမျိုးသမီး Renee Good ဟာ ICE အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးပြီးနောက် ပြည်နယ်တဝန်းမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် မင်နီယာပိုလစ်စ် FBI အေးဂျင့် တယောက်ဟာ Good ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးမှုမှာ ဗျူရိုရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ယခုအပတ်မှ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ New York Times က ဖော်ပြထားပါတယ်။