ယူနိုက်တက်နှင့် အာဆင်နယ်တို့ ပစ်မှတ်ထားလာတဲ့ ကိုးလ်ပါလ်မာမှာ ချဲလ်ဆီးတွင် အလွန့်အလွန် ပျော်ရွှင်နေကြောင်း ရိုဆင်နီယာ ပြောကြားလာ
===================

ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာက အိမ်လွမ်းနာကျနေတယ်လို့ သတင်းထွက်နေတဲ့ ကိုးလ်ပါလ်မာမှာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် အလွန့်အလွန် ပျော်ရွှင်နေကြောင်း ပြောကြားလာပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်အလယ်တန်းတိုက်စစ်သမားဟာ မန်ချက်စတာတွင် မွေးဖွားသူ ဖြစ်ပြီး မြောက်ပိုင်းတွင် နေထိုင်မှုအား သတိရတမ်းတနေကာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်းခံလာရနေပါတယ်၊
ကိုးလ်ပါလ်မာဟာ ငယ်စဉ်တုန်းက ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ပေမယ့်လည်း မန်စီးတီးအကယ်ဒမီထွက်တစ်ဦးဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် ချဲလ်ဆီးသို့ ပေါင် ၄၂.၅ သန်းဖြင့် ရောက်လာသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လတုန်းက ၂ နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပြီး ချဲလ်ဆီးနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။
ရိုဆီနီယာက "ကိုးလ်နဲ့ စကားတွေ အများကြီး ပြောပြီးပြီ။ သူ့ကြည့်ရတာ ဒီမှာ အလွန့်အလွန် ပျော်နေပုံပါပဲ။ သူက ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းမှာ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ သူက အရမ်းတော်တဲ့ ကစားသမားတစ်ဦးပါ။ ကစားသမားတိုင်း ကစားသမားဘဝအတွင်း ဒဏ်ရာကြောင့် ခက်ခဲတဲ့ ကာလကို ဖြတ်ကျော်ရပါတယ်။ ဒါက သူ့အရည်အချင်းကို ညွန်းဆိုနေတာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ကိုးလ်ပါလ်မာဟာ ယခုရာသီတွင် ပေါင်ခြံဒဏ်ရာကြောင့် စိတ်ပျက်စရာ ရာသီတစ်ခု ကြုံနေရသူ ဖြစ်ပါတယ်။
သူဟာ ဘရန့်ဖို့ဒ်နှင့်ပွဲ ဒုတိယပိုင်းတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့ခြင်း မရှိသလို ပြီးခဲ့တဲ့အပတ် နိုင်ပွဲအပြီးတွင် ဥမင်လှိုဏ်ခေါင်းသို့ တန်းဆင်းသွားမှုကြောင့် ချဲလ်ဆီးမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းထွက်နေပါတယ်။
ပါလ်မာဟာ အသေးစားပေါင်ကြွက်သားဒဏ်ရာကြောင့် ကြားရက်တုန်းက Pafos အား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြရိုဆင်နီယာက ကိုးလ်ပါလ်မာရဲ့အခြေအနေအပေါ် မူတည်ကာ တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ရမယ့်ပွဲတွင် သုံး/မသုံး ဆုံးဖြတ်သွားမယ်လို့ ဆိုသွားပါတယ်။
ဒါ့အပြင် ရိုဆင်နီယာက နံပါတ် ၂ ဂိုးသမားဖီးလစ်ဂျော်ဂျင်ဆင်မှာ ဒဏ်ရာကြောင့် လွဲချော်လာမှာ ဖြစ်ပေမယ့် လာမယ့်အပတ် ကြားရက် နာပိုလီနှင့်ပွဲတွင် ပါဝင်လာမှာ ဖြစ်ကြောင်းနှင့် ကွင်းလယ်ကစားသမားဒါရီယိုအက်စ်ဆူဂိုမှာ လေ့ကျင့်ရေးကွင်းတွင် လျှော်လဲပြီးနောက် တစ်လကျော်ကြာ အနားယူရမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

image