ေ-သပြီဆိုသော ကောလာဟလမှာမမှန်ကြောင်း ဖိလစ်ပိုင်သမ္မတပြော
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက သူသည် အစာခြေစနစ်ဆိုင်ရာ ဝေဒနာတစ်ခုမှ ပြန်လည်သက်သာလာနေပြီဖြစ်ကြောင်းနှင့် ၎င်းမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမဟုတ်ကြောင်း ကြာသပတေးနေ့တွင် လူထုကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတရုံးက ထုတ်ပြန်သည့် ဗီဒီယိုတစ်ခုတွင် မားကို့စ်က သူသည် အူမကြီးနံရံရှိ အိတ်ငယ်လေးများ ရောင်ရမ်းသည့်ရောဂါဖြစ်ပွားနေသည်ဟု ပြောကြားခဲ့သည်။ ဤဝေဒနာသည် အလွန်အမင်း စိတ်ဖိစီးမှုများသူများနှင့် အသက်အရွယ်ကြီးရင့်လာသူများတွင် ဖြစ်လေ့ရှိကြောင်း သူက ပြောသည်။
“ဒါက အသ-က်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ပါဘူး” ဟု သမ္မတက ဗီဒီယိုထဲတွင် ရယ်မောလျက် ပြောကြားခဲ့ပါသည်။ “ကျွန်တော် ေ-သဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေဟာ အလွန်အကျွံ ချဲ့ကားထားခြင်းသာ ဖြစ်ပါတယ်”။ မာယို ဆေးရုံ၏ အဆိုအရ အူမကြီးအိတ်ငယ်ရောင်ရမ်းခြင်း ဝေဒနာအပျော့စားကို များသောအားဖြင့် အနားယူခြင်း၊ အစားအသောက် ပုံစံပြောင်းလဲခြင်းနှင့် ပဋိဇီဝဆေးများဖြင့် ကုသလေ့ရှိပြီး ရောဂါအခြေအနေ ပြင်းထန်ပါက ခွဲစိတ်မှုလိုအပ်နိုင်ကြောင်း ဖော်ပြထားပါသည်။
ထိုနေ့အစောပိုင်းတွင် အသက် ၆၈ နှစ်အရွယ်ရှိ မားကို့စ်သည် နေမထိထိုင်မသာဖြစ်ပြီးနောက် ဆရာဝန်များ၏ စောင့်ကြည့်မှုဖြင့် တစ်ညတာ ကုန်ဆုံးခဲ့ရပြီး၊ ဆရာဝန်များက သူ့ကို အနားယူရန် အကြံပြုခဲ့ကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် စောင့်ကြည့်စစ်ဆေးမှုခံယူပြီး ဆေးရုံမှဆင်းလာပြီးနောက် သူ၏အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း ၎င်း၏ရုံးက ပြောသည်။
“သမ္မတဟာ ဆရာဝန်တွေရဲ့ စောင့်ကြည့်စစ်ဆေးမှုခံယူနေစဉ်မှာပဲ သူ့ရဲ့ တာဝန်ဝတ္တရားတွေကို ဆက်လက်ထမ်းဆောင်ခဲ့တယ်။ အခုအခါ မာလာကာညံ (သမ္မတနန်းတော်) ကို ပြန်လည်ရောက်ရှိနေပါပြီ” ဟု သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။