ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ နောက်ထပ်ခုနှစ်နိုင်ငံ ပါဝင်လာ၊ ပူတင်ကိုလည်း ဖိတ်ခေါ်ထား

ဆော်ဒီအာရေဗျ၊ တူရကီနဲ့ အီဂျစ်အပါအဝင် နိုင်ငံခုနစ်နိုင်ငံဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်မယ်လို့ ပူးတွဲကြေညာချက်တစောင်မှာ ထုတ်ပြန်ပါတယ်။
ဘုတ်အဖွဲ့မှာ ရုရှားသမ္မတပူတင်လည်း ပါဝင်ဖို့ သဘောတူထားကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုခဲ့ပေမယ့် ရုရှားသမ္မတကတော့ ဖိတ်ကြားချက်ကို လေ့လာနေဆဲဖြစ်တယ်လို့ပြောပါတယ်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ဂါဇာမှာ အစ္စရေးနှင့် ဟားမတ်စ်အကြား နှစ်နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေးကို ကြီးကြပ်ဖို့ ရည်ရွယ်တယ်လို့ ယူဆခဲ့ရပါတယ်။ ဒါပေမယ့် အဆိုပြုထားတဲ့ ပဋိဉာဉ်စာတမ်းမှာတော့ ပါလက်စတိုင်းနယ်မြေကို မဖော်ပြထားဘဲ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို အစားထိုးမယ့်ပုံစံမျိုးဖြစ်နေပါတယ်။
ဒါပေမယ့် မွတ်စလင်အများစုနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ ကာတာတို့ကတော့ ဂါဇာမှာ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်ဖို့၊ ပြန်လည်တည်ဆောက်ရေးကို ကူညီဖို့၊ တရားမျှတပြီး တည်တံ့သော ငြိမ်းချမ်းရေး တိုးတက်စေဖို့ ရည်ရွယ်ချက်ကို ထောက်ခံတယ်လို့ ပြောပါတယ်။
ထရန့်ဟာ အဖွဲ့အစည်းသစ်မှာ ပါဝင်ဖို့ နိုင်ငံဘယ်လောက် ဖိတ်ကြားထားလဲဆိုတာ ရှင်းလင်းစွာ မသိရသေးပေမယ့် ကနေဒါနဲ့ ယူကေတို့လည်း ပါဝင်သော်လည်း လူသိရှင်ကြား တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ယူအေအီး၊ ဘာရိန်း၊ အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ ဟန်ဂေရီ၊ ကာဇက်စတန်၊ မော်ရိုကိုနဲ့ ဗီယက်နမ်နိုင်ငံတို့က လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။
ဗာတီကန်က ပုပ်ရဟန်းမင်းကြီး လီယိုဟာ ဖိတ်ကြားချက်တခု ရရှိထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးဟာ ဘုတ်အဖွဲ့မှာ ပါသင့်မပါသင့် စဉ်းစားဖို့ အချိန်လိုတယ်လို့ ဗာတီကန် အတွင်းရေးမှူး ကာဒီနယ် ပီထရို ပါရိုလင်က သတင်းထောက်တွေကို ပြောပါတယ်။
ဆလိုဗေးနီးယား ဝန်ကြီးချုပ် ရောဘတ် ဂိုလော့ဘ်ကတော့ ဘုတ်အဖွဲ့ဟာ ကျယ်ပြန့်တဲ့ နိုင်ငံတကာ အစီအစဉ် ကို အန္တရာယ်ရှိစွာ ဝင်ရောက်စွက်ဖက်တာကြောင့် ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

image