မဲဆောက်မြို့ထဲ တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အတွင်း တရားမဝင် လမ်းကြောင်းကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ဒီကနေ့ ဇန်နဝါရီလ၂၂ ရက်၊ မနက်အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု၊ ဝမ်ကဲဝ်ကျေးရွာ (အမှတ် ၄) မှာ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာအလုပ်သမားတွေကို ဒီကနေ့ မနက် ၁ နာရီ မိနစ် ၅၀ ဝန်းကျင်က ရာချာမနူး အထူးတပ်ဖွဲ့ တပ်ခွဲ (၁၄၁၁) နဲ့ အမှတ် (၃၅) ခြေလျင်တပ်ရင်းတို့ ပူးပေါင်း ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အဖမ်းခံရတဲ့သူတွေက နယ်စပ်လမ်းကြောင်းတွေမှာ ကင်းလှည့်နေတဲ့ အဖွဲ့နဲ့သွားတိုးတာ။ အမျိုးသမီးတွေလည်း ပါတယ်။ နေထိုင်ခွင့်လက်မှတ်၊ အထောက်အထား စာရွက်စာတမ်းတွေလည်း ဘာတခုမှ မရှိကြဘူးလို့ သိရတယ်။ အခုတော့ မဲဆောက်ရဲစခန်းမှာ ရောက်နေကြပြီ။ တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ခံထားရတယ်” လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်မြို့မှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ ထိုင်းအစိုးရအနေနဲ့ ပြည်တွင်းရှိ ရွှေ့ပြောင်း အလုပ်သမားတွေကို အရှိန်မြှင့် စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်နေသလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကိုလည်း တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
“ဒီအချိန်ထိုင်းမှာက မြန်မာတွေနဲ့ ပတ်သက်ပြီး ဖြစ်ထားတဲ့ ပြဿနာတွေက အများကြီးပဲ။ ဆိုတော့ အစစ်အဆေး အရမ်းကြမ်းနေတယ်။ စီမံချက်တွေနဲ့ ဖမ်းတာဆီးတာတွေ ရှိနေတော့ ထိုင်းမှာရောက်နေပြီးသား မြန်မာတွေတောင် သတိကြီးကြီးထားပြီး နေနေရတဲ့အချိန်ဖြစ်တယ်။ အဲဒီတော့ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားနေကြတဲ့သူတွေအတွက် အန္တရာယ်များနိုင်တဲ့ ကာလဖြစ်ပါတယ်။ ဆင်ခြင်ကြစေချင်တယ်” လို့ သူက ပြောပါတယ်။
မဲဆောက်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ဝင် တယောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာလည်း ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေးနဲ့ တရားမဝင် ဝင်ရောက်မှုတွေကို အရင်ကထက်ပိုပြီး တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံ အတွင်းပိုင်းအထိ တရားမဝင် ဝင်ရောက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် လမ်းမကြီးတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားသလို နယ်စပ်တလျှောက်မှာလည်း ကင်းလှည့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှု၊ ပဋိပက္ခ အခြေအနေတွေကြောင့် ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ မြန်မာလုပ်သားတွေဟာ ပွဲစားတွေထံ ငွေကြေး အဆမတန်ပေးပြီး ထိုင်းနိုင်ငံထဲ တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်နေကြတာ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံထဲ ရောက်ရှိနိုင်ဖို့အတွက် မြန်မာလုပ်သားတွေဟာ တယောက်ကို ဘတ် ၇၀၀၀၊ ဘတ် နှစ်သောင်းရှစ်ထောင်၊ ဘတ် သုံးသောင်းလေးထောင် စသဖြင့် ပွဲစားခတွေ များစွာပေးပြီး ဝင်ရောက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံကို နယ်စပ် ဝင်‌ပေါက်တွေဖြစ်‌တဲ့ မြဝတီ - မဲ‌ဆောက်လမ်း‌ကြောင်း၊ ဘုရားသုံးဆူ - ကန်ချဘူရီလမ်း‌ကြောင်း၊ ‌မော‌တောင် နယ်စပ်လမ်း‌ကြောင်းနဲ့ တာချီလိတ် - မယ်ဆိုင် အစရှိတဲ့ နယ်စပ်ဝင်‌ပေါက် လမ်း‌ကြောင်းတွေကတဆင့် တရားမဝင် ဝင်ရောက်နေကြတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ‌နေ့စဉ်လိုလို အဖမ်းအဆီး ခံ‌နေရတယ်လို့ သိရပါတယ်။
အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၁၇ ရက်တာကာလအတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၃၃၆ ယောက်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

image