ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာပါဝင်ဖို့ ကနေဒါကို ဖိတ်ကြားချက် ဒေါ်နယ်ထရန့် ပြန်ရုပ်သိမ်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ကနေဒါနိုင်ငံကို ပါဝင်ဖို့ဖိတ်ကြားချက်ကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက အမေရိကန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ ပြိုကွဲမှုတွေဖြစ်နိုင်တယ်လို့ ဝေဖန်ထားပြီး ကနေဒါကလည်း အဖွဲ့အစည်းသစ်မှာ ပါဝင်ဖို့ ငွေပေးချေမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ထရန်ကို ဥက္ကဋ္ဌအဖြစ် ကျယ်ပြန့်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခွင့်တွေပေးထားတဲ့ ဘုတ်အဖွဲ့ကို ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းအသစ်တခုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လျက်ရှိပါတယ်။
ထရန့်ကတော့ ကနေဒါအတွက် ကမ်းလှမ်းချက်ကို ရုပ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး အကြောင်းပြချက်မပေးပါဘူး။ ကနေဒါဝန်ကြီးချုပ်ရုံးကလည်း ဒီကိစ္စအပေါ် မှတ်ချက်ပေးတာမရှိပါဘူး။ ကနေဒါဝန်ကြီးချုပ်ကတော့ ထရန့်ရဲ့ ဖိတ်ကြားချက်ကို မူအားဖြင့် လက်ခံမယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောကြားခဲ့ပါတယ်။
ထရန်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ ဂါဇာရှိ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား နှစ်နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေးကို ကြီးကြပ်ရေးအတွက် ရည်ရွယ်တယ်လို့ မူလက ယူဆခဲ့ပါတယ်။ ဒါပေမယ့် အဆိုပြုထားတဲ့ ပဋိဉာဉ်စာတမ်းမှာတော့ ပါလက်စတိုင်းနယ်မြေကို ဖော်ပြမထားဘဲ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို အစားထိုးဖို့ ယန္တယားမျိုးဖြစ်နေပါတယ်။
အိမ်ဖြူတော်ရဲ့ အဆိုအရ နိုင်ငံပေါင်း ၆၀ ခန့်ကို ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ကြားထားပြီး ၃၅ နိုင်ငံခန့်က လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ ကြာသပတေးနေ့ အစောပိုင်းမှာတော့ ယူကေက ရုရှားသမ္မတ ဗလာဒီမာပူတင် အဖွဲ့ဝင်ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ပါဝင်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

image