ယခုလအတွင်း POEA မှတစ်ဆင့် EPS စနစ်ဖြင့်တောင်ကိုရီးယားသို့ အလုပ်သမား ၂၆၀ စေလွှတ်ထား

ယခုလအတွင်း EPS စနစ်ဖြင့် တောင်ကိုရီးယားသို့ အလုပ်သမား ၂၆၀ စေလွှတ်ထားကြောင်း မြန်မာသံရုံး ဆိုးလ်မှထုတ်ပြန်ချက်အရသိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA)မှတစ်ဆင့်EPS စနစ်ဖြင့် စေလွှတ်ခဲ့သော Re-entry လုပ်သား ၁၄ ဦး ကိုရီးယားလေကြောင်းလိုင်း KE492ခရီးစဉ်ဖြင့် ဇန်နဝါရီ ၆ ရက်တွင် လည်းကောင်း၊ကုန်ထုတ်လုပ်သားသစ် ၁၁၆ ဦးသည်ထိုင်းလေကြောင်းလိုင်း TG 656 ခရီးစဉ်ဖြင့် ဇန်နဝါရီ ၇ ရက်တွင် လည်းကောင်း၊ ကုန်ထုတ်အလုပ်သမားသစ်၁၁၁ ဦး၊ စိုက်ပျိုးရေး အလုပ်သမားသစ်၁၅ ဦး၊ ဝန်ဆောင်မှုအလုပ်သမားသစ်လေးဦးတို့သည် ထိုင်းလေကြောင်းလိုင်း TG 656 နှင့် TG 658 ခရီးစဉ်များဖြင့်လည်းကောင်း၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ကြရာ စုစုပေါင်း အလုပ်သမား ၂၆၀ တို့ကို မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိ က ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်လုပ်ကိုင်မည့်သူများ လေဆိပ်သို့ဆိုက်ရောက်ချိန်များတွင် သံရုံးယာယီတာဝန်ခံ/
သံအမတ်ကြီး ဦးမျိုးမြင့်မောင်ကရောက်ရှိလာသော အလုပ်သမားများကို Video Call ဖြင့် ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီးကျန်းမာရေးနှင့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုပြုကြရန်နှင့် အခက်အခဲရှိပါကသံရုံးသို့ အချိန်မရွေးဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။

image