ဗီရိုနီကာ နောက်တစ်ပွဲထိုးသတ်ဖို့ ONE Championship နဲ့ စာချုပ် ချုပ်ဆို
ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာဟာ နောက်တစ်ပွဲထိုးသတ်ဖို့ ONE Championship နဲ့ မနေ့ညနေကပဲ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ONE Championship ဟာ ဗရိုနီကာနဲ့ နောက်ပွဲအတွက် သဘောတူညီမှု ရရှိပြီဆိုတဲ့အကြောင်းကိုသာ ထုတ်ပြန်ထားသေးပြီး ပွဲနေ့ပွဲရက်နဲ့ ပြိုင်ဘက်ဘယ်သူဆိုတာကိုတော့ လတ်တလော ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဗီရိုနီကာဟာ ONE Championship ပရိုမိုးရှင်းနဲ့ မနှစ်က ကာလရှည်စာချုပ် ချုပ်ဆိုအပြီး ONE Friday Fights မှာ (၃) ပွဲထိုးသတ်ထားရာ (၂) ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။
ဗီရိုနီကာဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာအတွင်းက တရုတ်ဖိုက်တာ လီမင်ရုနဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်နဲ့ အနိုင်ရထားပါတယ်။
ဗီရိုနီကာဟာ အဲ့ဒီပွဲမတိုင်ခင် ထိုင်းနာမည်ကြီး မွေထိုင်းဖိုက်တာ ဂျူနီယာနဲ့ ယှဥ်ပြိုင်ထိုးသတ်ထားရာမှာတော့ ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရထားပါတယ်။
ဗီရိုနီကာဟာ ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက နာမည်ကြီးဖိုက်တာ ပြင်သစ် - အယ်ဂျီးရီးယားနွယ်ဖွား အနီဆာမက်ဆန်နဲ့ ယှဥ်ပြိုင်ထိုးသတ်ဖို့ စီစဥ်ထားခဲ့ပြီးမှ ပြိုင်ဘက်ပြောင်းကာ တရုတ်ဖိုက်တာ လီမင်ရုနဲ့ ထိုးသတ်ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် အခုလာမယ့်ပွဲဟာ နိုဝင်ဘာတုန်းက ပွဲပျက်ထားတဲ့ ပြင်သစ် - အယ်ဂျီးရီးယားနွယ်ဖွား အနီဆာမက်ဆန်နဲ့ ဖြစ်လာမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ဗီရိုနီကာရဲ့ နောက်ပွဲဟာ ဖေဖော်ဝါရီအတွင်း ဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။