မိမိအတွက် အိပ်မက်ညတစ်ည ဖြစ်ခဲ့ကြောင်း အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ပြောကြား

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ဂျေးဇူးက အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ညက မိမိအတွက် အိပ်မက်ညတစ်ည ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးဟာ ၂၀၂၅ ဇန်နဝါရီမှာ ဒဏ်ရာရရှိခဲ့တာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီး ဒီဇင်ဘာလမှာမှ ပြန်ကစားနိုင်ခဲ့တာပါ။
ဒါကြောင့် ဒီရာသီမှာ ပြိုင်ပွဲစုံ(၉)ပွဲသာ ကစားခွင့်ရထားသလို၊ ပွဲထွက်ကစားခွင့်ရတာလည်း (၃)ပွဲသာ ရှိပါသေးတယ်။
အင်တာမီလန်နဲ့ပွဲက တတိယမြောက်ပွဲထွက်ကစားခွင့်ရတဲ့ပွဲဖြစ်ပြီး နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဂျေးဇူးက အိပ်မက်ညဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
''ဒါဟာ အိပ်မက်ညတစ်ညပါ။ ကျွန်တော် ဘောလုံးသမားဖြစ်လာချိန်ကတည်းက အမြဲအိပ်မက်ခဲ့တဲ့အရာပါ။ ကျွန်တော် ကလေးဘဝက စီးရီးအေပွဲများစွာကို ကြည့်ရှုခဲ့ပြီး ဒီကွင်းထဲမှာ ဂိုးသွင်းနိုင်ဖို့ အမြဲအိပ်မက်မက်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်မျက်လုံးထဲမှာ မျက်ရည်တွေအပြည့် ဖြစ်နေတာပါ'' လို့ ဂျေးဇူးက ပြောကြားခဲ့ပါတယ်။
ဂျေးဇူးအနေနဲ့ ၂၀၂၃ နိုဝင်ဘာတုန်းက လန်းစ်နဲ့ပွဲမှာ ဂိုးသွင်းပြီးနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဂိုးပြန်လည်သွင်းယူနိုင်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဂျေးဇူးက အသင်းမှာ ဆက်နေလိုပြီး ဆုဖလားတွေ ရယူသွားချင်ကြောင်းလည်း ဖွင့်ဟထားပါတယ်။

image