ခရစ္စတယ်ပဲလေ့စ်ထံ အသင်းပြောင်းခွင့်တောင်းဆိုလာတဲ့ တိုက်စစ်မှူးမာတီတာ
================

ပြင်သစ်တိုက်စစ်မှူးဂျိန်းဖီးလစ်ပီမာတီတာဟာ အခြားပရီးမီးယားလိဂ်ကလပ်များနှင့် ဥရောပကလပ်များရဲ့ စိတ်ဝင်စားခြင်းခံလာရပြီးနောက် အသင်းပြောင်းခွင့်ပေးရန် ခရစ္စတယ်ပဲလေ့စ်ထံ တောင်းဆိုလာပါတယ်။
အသက် ၂၈ နှစ်ရှိ မာတီတာဟာ ခရစ္စတယ်ပဲလေ့စ်နှင့် ၁၈ လစာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုမယ့် အခြေအနေမှာ မရှိပါဘူး။
အီတလီထိပ်သီးဂျူဗင်တပ်က ယခုလတွင် မာတီတာအား ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးပေမယ့် ပဲလေ့စ်ဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင်တောင်းဆိုလာမှုကြောင့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် အက်စတွန်ဗီလာကလည်း မာတီတာကို ခေါ်ယူရန် စိတ်အားထက်သန်နေပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ပဲလေ့စ်နည်းပြအိုလီဗာဂလက်စ်နာက ကလပ်မှာ မာတီတာအတွက် ကမ်းလှမ်းမှုများကို တံခါးဖွင့်ထားကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
မေလတုန်းက အက်ဖ်အေဖလားဆွတ်ခူးခဲ့တဲ့ ပဲလေ့စ်ဟာ နွေရာသီတုန်းက အီဘီရီချီအီးဇီးကို အာဆင်နယ်သို့ ရောင်းချခဲ့ရသလို ယခု ဆောင်းရာသီတွင်လည်း မာ့ခ်ဂူဟီအား မန်စီးတီးသို့ ပေါင်သန်း ၂၀ ဖြင့် ရောင်းချထားရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့အပတ်တုန်းက နည်းပြဂလက်စ်နာက ကလပ်တာဝန်ရှိသူများမှာ အသင်းကို စွန့်ပစ်ထားကြောင်း ဝေဖန်ပြောဆိုခဲ့ပြီး ရာသီအကုန်တွင် ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာထားပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၂ ပွဲကစားခွင့်ရထားတဲ့ မာတီတာဟာ ပဲလေ့စ်အတွက် ကစားတဲ့ သုံးရာသီခွဲအတွင်းတွင် ၁၈၄ ပွဲကစားကာ ၅၆ ဂိုးသွင်းယူထားပတယ်။

image