ဗန်းမောက် မြို့တဝက်ကို အစိုးရတပ် ပြန်သိမ်း၊ တိုက်ပွဲ ဆက်ဖြစ်နေ

ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) က ဗန်းမောက်မြို့ တဝက်ခန့်ကို အစိုးရတပ်နဲ့ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေက ပြန်လည် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီးမြို့ကို ပေးလိုက်ရပြီးနောက် တပတ်အကြာမှာ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) အဖွဲ့က အစိုးရတပ်ရဲ့ အကူအညီနဲ့ မြို့အနောက်ခြမ်းကနေ ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အစိုးရတပ်နဲ့ SNA တပ်တွေက မြို့တဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အလုံးစုံ ပြန်လည် ရယူနိုင်ဖို့အတွက် အင်အား ဖြည့်တင်းမှုတွေ အဆက်မပြတ် လုပ်ဆောင်နေသလို ဒရုန်းတွေ၊ လေကြောင်း ပစ်ကူတွေနဲ့ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
“အခုရက်ပိုင်းကတော့ အစိုးရတပ်တွေဘက်က အင်အားအများအပြားနဲ့ နေ့တိုင်း ထိုးစစ်ဆင်နေတာပါ။ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း မြနန္ဒာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ပြန်သိမ်းသွားတာရှိတယ်။ လတ်တလော အခြေအနေကတော့ ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်က တဖြည်းဖြည်းချင်း နောက်ဆုတ်ပေးနေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ တိုက်ပွဲကတော့ မြို့ထဲမှာ ဆက်ဖြစ်နေတုန်းပဲ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့ပေါ် အပါအဝင် မြို့အနီးရှိ ကျေးရွာတွေက ဒေသခံတွေဟာ မြို့ရဲ့ အနောက်ဘက်ခြမ်း၊ တောင်ဘက်ခြမ်း အစရှိတဲ့ နီးစပ်ရာ နေရာတွေကို တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဒေသခံအများစုဟာ လုံခြုံရေး အခြေအနေတွေကြောင့် နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွေမှာ ဆက်လက် နေထိုင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်နဲ့ အနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်မြို့မှာလည်း အစိုးရတပ်က နယ်မြေပြန်လည် စိုးမိုးနိုင်ရေး လုပ်ဆောင်နေတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။
အစိုးရတပ်ဟာ လက်ရှိမှာ ဝက်လက်နယ်နဲ့ ထိစပ်နေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲ အခြေအနေကြောင့် ဝက်လက်နယ်က ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရေကမိုး၊ ထုံးဘို၊ ရှားကွဲ၊ သစ်ဆိပ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေလည်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ၊ ရွာသစ် အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

image