တောင်ကြီးမှာ အဆောင်နေကျောင်းသူကို အဓမ္မကျင့်မှုဖြင့် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားကို ဖမ်းဆီးထားပြီး ကျောင်းကိုချိတ်ပိတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေပြီး တက်ရောက်နေတဲ့ G 12 ကျောင်းသူကို ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးက ခြိမ်းခြောက် ၊ ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးကို တောင်ကြီးရဲစခန်းက ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ထားသလို
ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
ကျောင်းသူလေးကို အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ ကျောင်းပိုင်ရှင်ရဲ့သားဟာ အဲဒီကျောင်းမှာပဲ စာသင်ကြားနေတဲ့ ကျောင်းဆရာ တယောက်လည်း ဖြစ်တယ်လို့ သိရပါတယ် ။
" ကျောင်းကို ချိတ်ပိတ်လိုက်ပြီ ။ ချိတ်မပိတ်သေးခင်ကတော့ အဲဒီဖြစ်စဥ်ကြားပြီး ကလေးတွေကို ပြန်ခေါ်တာတွေလည်းရှိတယ်။ အခုတော့ ပိတ်သွားပြီ ။ ကျူးလွန်တဲ့ ဆရာကိုလည်း ဖမ်းသွားပြီ ။ ဒီအမှုကိစ္စ တမြို့လုံးကစိတ်ဝင်စားနေကြတယ်။ ကလေးမလေးကလည်း ဆေးတွေ သွင်းနေရသေးတယ်လို့ ကြားတယ်။ အဲဒီအဓမ္မကျင့်တဲ့သူက ပိုင်ရှင်ရဲ့သားလည်းဖြစ်တယ်။သူကတော့ ကျောင်းမှာ မြန်မာစာသင်တဲ့ဆရာလို့ သိရတယ်။ " လို့ မြို့ခံတယောက်က ပြောပြပါတယ်။
ဖြစ်စဉ်က ဇန်နဝါရီ ၁၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီ မိနစ် ၃၀ လောက်မှာ Grade 12 ကျောင်းသူတယောက်က ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာ ပြန်ပြီးနားနေစဉ် ပိုင်ရှင်ရဲ့သား ဇာနည်သွေးက ရောက်လာပြီး အလိုမတူဘဲ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
G12 ကျောင်းသူ အဓမ္မပြုကျင့်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီကျောင်းမှာတက်နေတဲ့ ကျောင်းသူတယောက်ကတော့ အဓမ္မပြုကျင့်မှု မှန်ကန်ကြောင်း နဲ့ ဖြစ်စဥ်အခြေအနေကို လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားအသိပေးထားတာ တွေ့ရပါတယ်။
"ဖြစ်တာက သမီးတို့သူငယ်ချင်းပါ ။ ဖြစ်ပုံက ၁၅ ရက်နေ့ မနက်ပိုင်းကျောင်းသွား ကတည်းကသူငယ်ချင်းက နေမကောင်းပါဘူး ။ သမီးတို့အကုန် မနက်၃ နာရီထိ စာလုပ်ထားတော့ မနက်ကျောင်းသွားတော့ ခေါင်းမူးပြီး သူက နေလို့အဆင်မပြေဘူး။ နေ့လယ် ထမင်းစားဆင်းရင် အဆောင်ဘက်ပြန်ပြီး နေ့တပိုင်းလောက် ပြန်အိပ်မှရမယ်ဆိုပြီး သမီးတို့ကိုပြောတယ် ။ ဖြစ်သွားတာကလည်း သူအဲဒီပြန်တဲ့ အချိန်ပါ။ သူ့ကိုပိုက်ဆံသိန်း၂၀ လည်းတောင်းပါတယ် ။ ပြီးတော့ ဓာတ်ပုံတွေရော အတင်းရိုက်ပြီး သားမယားပြုကျင့်တာပါ ။သူငယ်ချင်းက နေလည်းမကောင်းတာမို့ ဒီလိုဖြစ်တဲ့ချိန်မှာဘယ်လောက်ထိခံစားနေရမယ်ဆိုတာ ပြောတောင်မပြတတ်ဘူး။ ညနေကျောင်းဆင်း သမီးတို့ပြန်လာတဲ့ချိန် ကုတင်အောက်လေးမှာ အိမ်ပြန်ချင်တယ် ကြောက်တယ် ဆိုပြီး တကိုယ်လုံးတုန်ပြီး အဲ့စကားတွေပဲ အထပ်ထပ် ပြောပြီးငိုနေတာ။ " လို့ ရေးသားထားပါတယ်။
နောက်ပြီး သူက " ၁၆ရက်နေ့မှာ အုပ်ကြီးတို့ ဒီကိစ္စကို သိသွားတယ် ။ သူကအိမ်ပြန်ချင်လို့ မိဘကို ဆက်သွယ်ပေးဖို့ ပြောတော့ ရှင်းပေးမယ်ပြောပြီး ဖုန်းမဆက်ပေးပါဘူး ။ သူများတွေကို မပြောဖို့ပဲပြောပါတယ် ။ ၁၆ ရက်နေ့ညနေကျောင်းဆင်းတော့ သူငယ်ချင်းကို အပြင်ခေါ်သွားပါတယ် ။ ဘာတွက်လဲဆို ဒီကိစ္စကို မိဘတွေကိုမပြောဖို့၊ သူ့တို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့၊ ဒီကိစ္စ သူများတွေသိရင် သူ့ဘဝတွက် အမဲစက်ဖြစ်နိုင်တာမို့ တိုးတိတ်နေဖို့ ပါ။အဲ့လိုသူတို့ ပြောတာတွေသာ လုပ်ပေးမယ်ဆို သူငယ်ချင်းရဲ့ကျန်တဲ့ဘဝတလျှောက်လုံး ပညာရေးကိုထောက်ပံ့မယ်။ လိုချင်တာ အကုန်ဝယ်ပေးမယ်ဆိုပြီး ငွေနဲ့နှုတ်ပိတ်သတင်းဖုံးတယ် ။ သူငယ်ချင်းက ဖုန်းသုံးချင်တယ် ။ ဖုန်းထုတ်ပေးဖို့ပြောတော့လည်း မိဘကိုမဆက်သွယ်ဘူးဆိုတဲ့ ကတိပေးမှ ဖုန်းပေးမယ်လို့ပြောတာ ။သူငယ်ချင်း ကအဲ့ကတိပေးမှသူတို့ဖုန်းထုတ်ပေးတယ် အိမ်ကို လုံးဝပေးမပြန်သလို မိဘနဲ့လည်း လုံးဝအဆက်အသွယ် မလုပ်ပေးပါဘူး။ အဲ့တာနဲ့ သူငယ်ချင်းက သူ့မိဘတွေကို ပြောလိုက်ပြီး ၁၇ ရက်နေ့လာခေါ်တော့လည်းမသိသလိုလုပ်ပြီးပေးမပြန်ပါဘူး မိဘတွေအတင်းခေါ်မှ ပေးပြန်တယ် ။" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ အဓမ္မပြုကျင်ခံခဲ့ရတဲ့ G12 ကျောင်းသူလေးဟာ ဆေးဝါးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။
အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရေးယူမယ့် အပိုင်းကို မြို့ခံပြည်သူလူထုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြသလို ပြည်သူတွေကလည်း ကျူးလွန်သူကျောင်းဆရာကို ထိရောက်တဲ့ အရေးယူမှုပြုလုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
အလားတူ အဓမ္မကျင့်မှု ဖြစ်စဥ်ကို ဖုံးကွယ်ပြီး ကျူးလွန်တဲ့ သားဖြစ်သူကိုပါ ကာကွယ်ပေးဖို့ လုပ်ဆောင်ခဲ့တဲ့ ကျောင်းပိုင်ရှင် ကျောင်းအုပ်ကိုပါ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့လည်း ပြည်သူတွေက ပြောဆိုနေကြပါတယ်။
ဒါကြောင့် အဆိုပါ အောင်မြေသစ်ကိုယ်ပိုင်ကျောင်း မှာဖြစ်ပွားခဲ့တဲ့ ကျောင်းသူ အဓမ္မပြုကျင့် ခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အတွက် တောင်ကြီးမြို့ရဲစခန်းကို ဖုန်းဆက်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး ။

image