နိုင်ဂျီးရီးယားမှာ ဘုရားကျောင်းတက်သူ ၁၆၀ ကျော်ကို သေနတ်သမားတွေ ပြန်ပေးဆွဲ

နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာပြည်နယ်ရှိ ဘုရားကျောင်းနှစ်ခုမှာ တက်ရောက်လာသူ ဒါဇင်ပေါင်းများစွာကို လက်နက်ကိုင်အဖွဲ့တွေက ပြန်ပေးဆွဲခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။
တနင်္ဂနွေဝတ်ပြုချိန်အတွင်း သေနတ်သမားတွေက ဝတ်ပြုသူ ၁၆၀ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း အကြီးတန်းဘုရားကျောင်းခေါင်းဆောင်တယောက်က အတည်ပြုပါတယ်။ ဒါဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေကို ပစ်မှတ်ထားပြီး နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပြန်ပေးမှုလည်း ဖြစ်ပါတယ်။
ဒေသတွင်းမှာ ဓားပြတွေလို့ လူသိများတံ့ ဂိုဏ်းတွေဟာ ပြန်ပေးငွေရရှိဖို့အတွက် နိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အခုလိုတိုက်ခိုက်မှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှုမှာတော့ သေနတ်သမားတွေဟာ ခေတ်မီလက်နက်‌တွေကို ကိုင်ဆောင်ထားပြီး ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၂၅ မိနစ်မှာ ကာမင်ဝါလီရှိ ဘုရားကျောင်းနှစ်ခုထဲကို ဝင်ရောက်ပြန်ပေးဆွဲခဲ့တာပါ။
ဝတ်ပြုသူ ၁၇၂ ယောက် ပြန်ပေးဆွဲခံရပြီး ကိုးယောက် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဘုရားကျောင်း အကြီးအကဲက ပြောပါတယ်။ နိုဝင်ဘာလအတွင်းကလည်း ကက်သလစ်ကျောင်းတကျောင်းမှ ကျောင်းသားနဲ့ ဆရာ ၃၀၀ ကျော်ကို ဖမ်းဆီးခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ပြန်ပေးဆွဲမှုတွေ ၊ အရှေ့မြောက်ပိုင်းရှိ အစ္စလာမ်မစ်သူပုန်ထမှု၊ အရှေ့တောင်ပိုင်းရှိ ခွဲထွက်ရေးအကြမ်းဖက်မှုနဲ့ မြေယာနှင့်ရေရရှိရေးအတွက် နိုင်ငံအလယ်ပိုင်းမှာ မွေးမြူရေးသမားတွေနဲ့ လယ်သမားတွေအကြား ပဋိပက္ခတွေအပါအဝင် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
အကျင့်ပျက်ခြစားမှု၊ ထောက်လှမ်းရေးမျှဝေမှုညံ့ဖျင်းတာနဲ့ ဒေသခံရဲတပ်ဖွဲ့အတွက် ရန်ပုံငွေမလုံလောက်ခြင်းတို့ကြောင့် အကျပ်အတည်းအမျိုးမျိုးကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မကြာသေးမီက နိုင်ဂျီးရီးယားမှာ စစ်ရေးအရ ပါဝင်ပတ်သက်ခဲ့ပြီး အနောက်မြောက်ပိုင်းရှိ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့တခုရဲ့ စစ်စခန်းနှစ်ခုကို ခရစ္စမတ်နေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ခရစ်ယာန်တွေကို ဆက်လက်သတ်ဖြတ်ပါက နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဦးမယ်လို့ သမ္မတ ထရန့်က သတိပေးထားပါတယ်။

image