ပဲနွယ်ကုန်းမြို့နယ်မှာ တိုက်ပွဲဧရိယာ ကျယ်လာလို့ စစ်ရှောင်ကျေးရွာတွေများလာ

ပဲခူးတိုင်း ၊ ပဲနွယ်ကုန်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး စစ်ရေးတင်းမာလာတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေ များလာနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
တိုက်ပွဲကြောင့် လက်ရှိမှာ ပဲနွယ်ကုန်းမြို့ အနီးတဝိုက်မှာရှိတဲ့ ကြိမ်ခါးကုန်း ၊ အင်ကုန်း ၊ သင်နှီးခေါင်းရွာ ၊ သရက်အုပ်ရွာ အပြင် မအူပင်ရွာ ၊ လှေဒုံး ၊ သဖန်းပင် ၊ ငတိုးခင်ရွာ ၊ သစ်ဖြူဆိတ် ၊ ညောင်ဝိုင်းရွာ တွေက ဒေသခံတွေ စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ၊ မနက် ၁၂ နာရီလောက်အထိ အဆိုပါ ကျေးရွာတွေဘက်မှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး တိုက်ပဲဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
" ဒီနေ့မနက်ထိကို ပစ်နေကြတာ ။ အိမ်တောင်တုန်တယ်။ အဲဒီ အင်ကုန်းတို့ သဖန်းပင်တို့ သစ်ဖြူဆိတ်တို့ဆိုတာ လမ်းကြော တဆက်တည်းတွေပဲ ။ဆေးရိုးခင်ရွာ ဘက်ကတော့ ငြိမ်သွားပြီ ။ အခု ကြိမ်ခါးကုန်းဘက်တကြောမှာ ဆက်တိုက် ဖြစ်နေတာ ။ အဲဒီဘက်တွေမှာက ဒေသခံတွေ သိပ်မရှိကြတော့ဘူး ။ အကုန်ထွက်ပြေးကုန်ပြီလေ ။ " လို့ ပဲနွယ်ကုန်း ဒေသခံက ပြောပါတယ်။
အခု တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဟာ ပဲနွယ်ကုန်းမြို့နဲ့ တမိုင်ကနေ သုံးမိုင်အကွာအဝေး မှာသာရှိတဲ့ တကွင်းတည်းတစပ်တည်း ကျေးရွာတွေ ဖြစ်ပြီး အဲဒီတိုက်ပွဲ ဖြစ်ပွားရာ ကျေးရွာဘက်တွေကို သွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။
တိုက်ပွဲအကြားမှာ ကြိမ်ခါးကုန်း ၊ သင်နှီးကောင်း ၊ မအူပင်ရွာ အပါအဝင် ကျေးရွာတချို့မှာ နေအိမ်တွေ မီးလောင်ပျက်စီးမှု ရှိနေတယ်လို့ သိရပါတယ်။
" မီးလောင်နေတာတွေတော့ မြင်နေရတယ်။ သွားကြည့်လို့လဲမရတော့ သေချာတော့မသိရဘူး ။ အိမ်တွေ တော်တော်များများ လောင်ကုန်တယ်လို့တော့ ကြားရတယ် ။ " လို့ သူက ထပ်ပြောပါတယ်။
လက်ရှိမှာ ပဲနွယ်ကုန်းမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကျေးရွာတွေဘက်က ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေ အပါအဝင် ပဲနွယ်ကုန်းမြို့နဲ့ အခြားဒေသတွေကို စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ပဲနွယ်ကုန်းမြို့နယ် အနီးတဝိုက်ရှိ ကျေးရွာဘက်တွေမှာ ဇန်ဝါရီ ၁၁ ရက်စပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ မြို့အနီးတဝိုက်ရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ​မြို့ပေါ်မှာတော့ သွား လာလှုပ်ရှားမှု ရှိနေဆဲ ဖြစ်တယ်လို့သိရပါတယ် ။
ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ပဲခူးတိုင်း ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဇေယျဝတီမြို့နဲ့ ညောင်ခြေထောက်မြို့ အကြားမှာ အစိုးရတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး ဆီဘောက်ဆာကားနဲ့ တွဲကားတစီး မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့ မနက်အစောပိုင်းကလည်း ဖြူးမြို့နယ် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဆားဂွန်းရွာစစ်ဆေးရေးဂိတ်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်၊ မနက် အစောပိုင်းကလည်း ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ် ၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ (ခ) အောင်မြင်မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားသမားတယောက်သေဆုံးကာ ဆီဘောက်ဆာကားတစီးမီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ကလည်း ပဲခူးတိုင်း အနောက်ပိုင်း ၊ မင်းလှမြို့နယ် နဲ့ လက်ပံတန်း မြို့နယ်အကြား ၊ ရန်ကုန် - ပြည် ကားလမ်းမပေါ်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်တပ်ဖွဲ့ တွေအကြား တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါတယ်။

image