ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် ရေပန်းစားနေမှုအပေါ် ကလော့ပ် တုံ့ပြန်လာ
===================
ဂျာဂင်ကလော့ပ်ဟာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် ရေပန်းစားနေမှုအပေါ် တုံ့ပြန် ပြောဆိုမှု ပြုလုပ်လာပါတယ်။
အသက် ၅၈ နှစ်ရှိ လီဗာပူးနည်းပြဟောင်းဟာ လက်ရှိအချိန်တွင် ရက်ဘူးလ်တွင် ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး လစ်လပ်နေတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တွင် လီဗာပူးမှ ထွက်ခွာပြီးနောက် ရက်ဘူးလ်တွင် အလုပ်လုပ်နေတာ ဖြစ်ပြီး လက်ရှိအချိန်တွင် စိတ်ဖိအားကင်းကင်းဖြင့် အလုပ်လုပ်နေနိုင်မှုနှင့်အတူ ပျော်ရွှင်နေကာ နည်းပြလောကသို့ ချက်ချင်းဝင်ရောက်ရန် အစီအစဉ် မရှိသေးပါဘူး။
ဒါပေမယ့် ဒေါ့မွန်နည်းပြဟောင်းဟာ တစ်နေ့တွင် နည်းပြလောကသို့ ဝင်ရောက်လာနိုင်သေးကြောင်း ဆိုသွားပါတယ်။
ကလော့ပ်က "အခု လူတစ်ဦးအနေနဲ့ အရမ်းကို အေးချမ်းတဲ့ နေရာမှာ ရှိနေပါတယ်။ အခြားဘယ်နေရာမှာမှ မရှိလိုပါဘူး။ တကယ်လို့ ရီးရဲလ်မက်ဒရစ်ဘက်က စိတ်ဝင်စားတယ်ဆိုရင်တော့ စိတ်လှုပ်ရှားရပါတယ်။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင်တောင် ဒါက မီဒီယာမှာပဲ ရှိပါတယ်။ နည်းပြ ပြန်လုပ်ဖို့ ဆန္ဒမရှိလားဆိုတော့ အခု လောလော့ဆယ် မရှိဘူးလို့ပဲ ပြောရပါမယ်။ ဒါပေမယ့် တသက်လုံး မလုပ်တော့ဘူးလို့တော့ မဆိုလိုပါဘူး။ စိတ်ပြောင်းဖို့တော့ မမျှော်လင့်ဘူး။ ဒါပေမယ့် မသိပါဘူး"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ကလော့ပ်က အလွန်ဆိုအား ထုတ်ပယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြများအား ထုတ်ခန့် လုပ်တတ်တဲ့ အစဉ်အလာအပေါ် သဘောမကျကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက "ဇာဘီအလွန်ဆို အထုတ်ခံရတဲ့သတင်းကြားတော့ နည်းနည်းတော့ ရောထွေးတဲ့ ခံစားချက် ခံစားရတယ်။ အံ့ဩရတယ်ဆိုပေမယ့်လည်း မအံ့ဩပါဘူး။ ဘယ်လို ဖြစ်တာလဲ လို့ ဖြစ်သွားပေမယ့် ဒီလိုပဲလေဆိုတဲ့ စိတ်ဖြစ်ခဲ့တယ်။ ဘာတွေ ဖြစ်ခဲ့လဲ မသိပါဘူး။ ဒါပေမယ့် အထူးတလည်ပြဿနာတစ်ခု ရှိနေမှာပါ။ ပုံမှန်ပြဿနာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်က နောက် ခန့်အပ်လာမယ့် နည်းပြလည်း မလွယ်ပါဘူး။ နည်းပြတစ်ဦးကို ထုတ်တယ်ဆိုတာ ပိုကောင်းတဲ့ သူတစ်ဦးကို ခန့်ဖို့ အစီအစဉ် ရှိလို့ပေါ့။ ဒါက တကယ့်အမှန်တရားပါ။ သူတို့မှာ ပက်ဂွါဒီယိုလာကို ခန့်ဖို့ အခွင့်အရေးရှိလားဆိုပြန်တော့ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အလွန်ဆိုနေရာတွင် (ခ)အသင်းနည်းပြအာဘီလိုအာအား ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
အာဘီလိုအာဟာ ရီးရဲလ်မက်ဒရစ် ပထမဆုံးပွဲအဖြစ် ဒုတိယတန်းကလပ် အယ်ဘာစီတီနှင့် ရင်ဆိုင်ခဲ့ရာတွင် ရှုံးနိမ့်ပြီး ကိုပါဒယ်ရေးမှ ထွက်ခဲ့ရပါတယ်။
ဒါပေမယ့် အာဘီလိုအာဟာ ပထဆုံးလာလီဂါပွဲတွင် နိုင်ပွဲ ရရှိထားပါတယ်။