ခြေကျင်းဝတ်ကျိုးဒဏ်ရာကို ခွဲစိတ်ကုသခံမှုခံယူရပြီး ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်များကိုပါ လွဲချော်လာဖို့ ရှိနေတဲ့ စပါးစ်ရဲ့ ဘင်ဒါးဗီးစ်
====================
စပါးစ်နောက်ခံလူဘင်ဒါးဗီးစ်ဟာ ခြေကျင်းဝတ်ကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူလာရပြီး ဝေးလ်ရဲ့ ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်များကိုပါ လွဲချော်လာဖို့ ရှိနေပါတယ်။
အသက် ၃၂ နှစ်ရှိ နောက်ခံလူဟာ စနေနေ့တုန်းက ဝက်စ်ဟမ်းအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်ရဲ့ ၁၉ မိနစ်တွင် ခြေကျင်းဝတ်ကျိုးဒဏ်ရာရရှိပြီးနောက် အောက်ဆီဂျင်ဖြင့် အသက်ရှူခဲ့ရပြီး လူနာတင်ထမ်းစင်ဖြင့် ကွင်းမှ ထွက်ခဲ့ရပါတယ်။
သူဟာ တနင်္လာနေ့တုန်းက ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း စပါးစ်က အတည်ပြု ကြေညာသွားပါတယ်။ ဒါပေမယ့် စပါးစ်ဟာ ဘင်ဒါးဗီးစ်မှာ ဒဏ်ရာကြောင့် ဘယ်လောက် အနားယူရမယ်ဆိုတာ ကြေညာသွားခြင်း မရှိပါဘူး။
ဝေးလ်ဟာ မတ်လ ၂၆ ရက်နေ့တွင် ကာဒစ်ဖ်စီးတီးကွင်းတွင် ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်အဖြစ် ဘော့စနီးယားနှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး အနိုင်ရရှိပါက ပလေးအော့ဖ်ဗိုလ်လုပွဲအဖြစ် မတ်လ ၃၁ ရက်နေ့တွင် မြောက်အိုင်ယာလန်(သို့မဟုတ်) အီတလီနှင့် ရင်ဆိုင်ကစားရပါမယ်။
ဒါးဗီးစ် ဒဏ်ရာရရှိလာမှုနှင့်အတူ ပရီးမီးယားလိဂ် ၂၂ ပွဲတွင် ၇ ပွဲတည်းသာ အနိုင်ရရှိနေတဲ့ သောမတ်စ်ဖရန့်ရဲ့ စပါးစ်အတွက် ဒဏ်ရာပြဿနာ ပိုမိုကြုံလာရပါတယ်။
စပါးစ်ဟာ ရလဒ်ဆိုးရွားမှုကြောင့် ပရိသတ်များရဲ့ ထုတ်ပယ်ရန် တောင်းဆိုခြင်းခံနေရတဲ့ သောမတ်စ်ဖရန့်နှင့် တနင်္လာနေ့တုန်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အနာဂတ်အတွက် အာမခံချက်ပေးခဲ့ပါတယ်။
သောမတ်စ်ဖရန့်ဟာ ယနေ့ည ဒေါ့မွန်နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို ကိုင်တွယ်လာပါဦးမယ်။