သိန္နီမှာ စီးပွားရေးလုပ်ငန်းအများစု တရုတ်နိုင်ငံသားတွေ လွှမ်းမိုးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေက အများစု လွှမ်းမိုးလာနေပြီး ဒေသခံတွေ လုပ်ငန်းရှင်အဖြစ် ရပ်တည်ဖို့ ခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သိန္နီမြို့တောင် ကျယ်ဂေါင်လို ဖြစ်သွားပြီ။ ဆိုင်ဆိုင်းဘုတ်တွေက အရင်ကတည်းက တရုတ်စာနဲ့ ဖြစ်နေပြီ၊ စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေကအစ တရုတ် သူဌေးတွေပဲ။ တရုတ်နိုင်ငံသား သူဌေးတွေ ကိုယ်တိုင် လာရောင်းနေကြတယ်။ ဒေသခံတွေကတော့ ဆိုင်ခန်းခ ဈေးမြင့်လာတာ၊ ရင်းနှီးမြှုပ်နှံမှု မယှဉ်နိုင်တာကြောင့် လုပ်ငန်းရှင်အဖြစ် မရပ်တည်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။
သိန္နီမြို့မှာ တရုတ်ငွေ (ယွမ်) ကို တိုက်ရိုက် လက်ခံသုံးစွဲနေကြတာကိုလည်း တွေ့ရပြီး MNDAA က ဒေသကို စတင်ထိန်းချုပ်ခဲ့တဲ့ အချိန်ကတည်းက စားသောက်ဆိုင်များ၊ စူပါမားကတ်များမှာ ယွမ်နဲ့ ပေးချေမှုကို လက်ခံလာခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခေါက်ဆွဲတပွဲကို မြန်မာကျပ် ၅၀၀၀ နဲ့ ရောင်းသလို ယွမ် ၁၀ နဲ့လည်း လက်ခံရောင်းချနေကြတာမျိုးပါ ရှိနေပါတယ်။
လက်ရှိမှာ ဟိုတယ်လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အများစုကို တရုတ်နိုင်ငံသားတွေ လာဖွင့်ထားကြပြီး စီးပွားရေးလုပ်ငန်းစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံခန့်ဟာ တရုတ်ဘက်က လုပ်ငန်းရှင်တွေ လက်ထဲ ရောက်ရှိနေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ ပန်လော့ဈေးအနီးမှာလည်း တရုတ်ဘက်က ရုပ်ရှင်ရုံ တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါအပြင် မြေနေရာတွေ၊ လယ်ကွင်းတွေကိုပါ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက ဝယ်ယူနေကြတာတွေ ရှိနေပြီး ဒေသတွင်းက အာဏာပိုင်တွေ ခွင့်ပြုချက် မပါဘဲ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ယူဆကြပါတယ်။
ဒေသခံတဦးကလည်း “အခုလို နိုင်ငံရေး ရှုပ်ထွေးပြီး စီးပွားရေး ကြပ်တည်းနေတဲ့ကာလမှာ သိန်းသောင်းချီ ရင်းနှီးမြှုပ်နှံနိုင်တာက တရုတ်ဘက်ကပဲ ဖြစ်နိုင်တယ်။ မြေတွေလည်း ပိုက်ဆံပမာဏက ပေါက်ဈေးထက် ကျော်လွန်ပြီး ပေးလာရင်တော့ ဒေသခံတွေ မရောင်းချင်လည်း စီးပွားရေး အကြပ်အတည်းကြောင့် ရောင်းကြရတဲ့ အခြေအနေပါပဲ” လို့ ပြောပါတယ်။
သိန္နီမြို့မှာ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှု တိုးလာတာနဲ့အမျှ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ယှဉ်ပြိုင်ရပ်တည်ဖို့ ပိုမိုခက်ခဲလာနေပြီး ဒေသခံ လူမှုစီးပွားရေး ဖွဲ့စည်းပုံ ပြောင်းလဲလာနိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

image