မြန်မာနိုင်ငံ၏အခက်အခဲများစွာကို သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့ဟု ယာယီသမ္မတ ပြော
အခက်အခဲများစွာကို သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်တာဝန်ရှိကာ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ရယူခဲ့စဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှုများကြောင့် အခက်အခဲအကြပ်အတည်းများစွာကိုရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။
ထို့ပြင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည့်အပြင် ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ ငလျင်လှုပ်ခတ်မှုများကိုလည်းကြုံတွေ့ခဲ့ရသည်ဟုဘပြောသည်။
" မိမိတို့အနေနဲ့ အဲဒီလို အခက်အခဲ၊ အကြပ်အတည်းပေါင်းစုံတွေကြားက သစ္စာရှိနိုင်ငံ့ဝန်ထမ်းတွေ၊ တည် ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။ မိမိတို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးအရပေးထားတဲ့ ကတိတွေအတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်သွားမှာပါ"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ပညာရေးကို ဆက် လက်အားပေးဆောင်ရွက်ရန်လိုကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သူများ၊ တာဝန်ထမ်းဆောင်နေသူများအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသတစ်ခုချင်းဖွံ့ ဖြိုးတိုးတက်မှုမှတဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေး(MSME)လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက်ကြည့်ရှုခဲ့သည်။