မာ့ခ်ဂူဟီအား ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရေး မန်စီးတီး အပြီးသတ်လာ
===================
မန်စီးတီးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်မာ့ခ်ဂူဟီအား ခေါ်ယူရေး အပြီးသတ်လာပါတယ်။
မန်စီးတီးဟာ အင်္ဂလန်ဗဟိုနောက်ခံလူအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ပေးခဲ့ရပြီး ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလာပါတယ်။
အသက် ၂၅ နှစ်ရှိ ဂူဟီဟာ ယခုရာသီအကုန်တွင် ပဲလေ့စ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပြီး လီဗာပူး၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးဟာ ယင်းကလပ်များထက် လက်ဦးမှု ရယူကာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့တွင်ပင် ခေါ်ယူလာပါတယ်။
ဂူဟီက "အရမ်းပျော်တယ်။ ပြီးတော့ မန်စီးတီးကစားသမားဖြစ်လာလို့ အရမ်း ဂုဏ်ယူတယ်။ ဒီအပြောင်းအရွှေ့က ကျွန်တော့်ကစားသမားဘဝတစ်လျှောက်လုံး ကြိုးစားအားထုတ်မှုရဲ့ အထွဋ်အထိပ်လို့ ခံစားရပါတယ်။ အခု အင်္ဂလန်ရဲ့အကောင်းဆုံးကလပ်ကို ရောက်နေပါပြီ။ မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားတွေပါဝင်တဲ့အသင်းရဲ့ အစိတ်အပိုင်း ဖြစ်နေပါပြီ။ ဒီလို ပြောခွင့်ရတာ ကောင်းတယ်။ ကစားသမားတစ်ဦးအနေနဲ့ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော တိုးတက်ချင်တယ်။ ဒီကလပ်က ဒီလို ဖြစ်ခွင့်ပေးလာမယ့်ကလပ်လို့ သိတယ်။ ဘောလုံးကို ချစ်တယ်။ ဒါက ကျွန်တော့်ကို ကာလရှည်ကြာအများကြီးပေးလာတာပါ။ မန်စီးတီးမှာ ကစားသမားဘဝ ဆက်လက်တိုးတက်ခွင့်ရတာ ကျွန်တော့်အတွက်ရော မိသားစုအတွက်ပါ တကယ့်ကို စပါယ်ရှယ်ပါ။ စတင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ကစားဖော်တွေနဲ့ တွေ့ဆုံပြီး လေ့ကျင့်ခန်းဆင်းချင်နေပါပြီ။ နည်းပြဘက်က ကျွန်တော့်ဆီက ဘာလိုချင်လဲ သိချင်နေပါပြီ။ ကျွန်တော် ဘာလုပ်နိုင်တယ်ဆိုတာကိုလည်း မန်စီးတီးပရိသတ်တွေကို ပြသချင်နေပါပြီ"လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးနောက်ခံလူဟောင်းဟာ ခရစ္စတယ်ပဲလေ့စ်အတွက် ၁၈၈ ပွဲကစားပေးခဲ့ကာ ကလပ်သမိုင်းတွင် ပထမဆုံးဆုဖလားအဖြစ် အက်ဖ်အေဖလား ရယူပေးခဲ့သလို ကွန်မြူနတီဒိုင်းလည်း ရယူထားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဂူဟီအား ရောင်းချစဉ်တုန်းက ပဲလေ့စ်ဘက်က ထပ်ဆင့် ရောင်းချလာပါက ၂၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရမယ်ဆိုတဲ့အချက်အား ထည့်သွင်းထားရာ ပေါင် ၄ သန်း ရရှိလာပါမယ်။