သဗ္ဗညုဘုရားကြီးနံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများ သန့်စင်ရာမှ နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခင်က သဗ္ဗညုဘုရားကြီး၏ အနောက်ဘက် အဝင်မုခ်မျက်နှာကြက်တွင်သာ နံရံပန်းချီရှိကြောင်း သိရသည်။
ယခုအခါ တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီ ရှိ/မရှိကို စမ်းသပ်ရာအစိတ်အပိုင်းငယ်နေရာ (၄၀) အား သန့်စင်ရာမှ တတိယထပ် အာရုံခံတောင်ဘက်နံရံနှင့် တတိယထပ်တိုက်မအဝင် မုခ်ပေါက်ဘေးနံရံ (၂) နေရာ၌ နံရံဆေးရေးပန်းချီများရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု အင်ဂျင်နီယာများနှင့်ပူးပေါင်း၍ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းခြင်း (Structural Conservation)၊ နံရံပန်းချီထိန်းသိမ်းခြင်း (Mural Conservation) နှင့် တူးဖော်သုတေသနပြုခြင်း (Excavation) လုပ်ငန်းများကို အပိုင်းလိုက် ခွဲခြားဆောင်ရွက်နေခြင်းဖြစ်သည်။
ဆက်လက်၍ တရုတ်ပညာရှင်အဖွဲ့က တတိယထပ်အပြင်ပတ်လမ်း တိုက်မပစ္စယံခုံ တောင်ဘက်နံရံတွင် အပိုင်း (၂) ပိုင်းခွဲ၍ Dry Cleaning နှင့် Wet Cleaning နည်းလမ်း (၂) မျိုးဖြင့် ချေးချွတ်သန့်စင်ခဲ့ခြင်းကို နှိုင်းယှဉ်ပြသ ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image