ကျိုင်းတုံမြို့ရှိ စေတီတော်များအား နိုင်ငံတော် ယာယီသမ္မတဖူးမြော်
သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော်
နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးနှင့် မဟာမြတ်မုနိဘုရားကြီးတို့ကိုဖူးမြော်ကြည်ညိုခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတသည် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းတည်ထားကိုးကွယ်မည့် လောကသရဖူစေတီတော်မြတ်ကြီးတည်ဆောက်ရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးပြီး ရေယိုစိမ့်ခြင်း၊ ရေတိုက်စားခြင်းများမဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကပင် ရေဝင်၊ ရေထွက်နှင့် ရေထုတ်စနစ်များ စနစ်တကျဖြစ်စေရေးတွက်ချက်ဆောင်ရွက်ရန်၊ ရာသီဥတုဒ-ဏ်ခံနိုင်ရေးနှင့် သဘာဝဘေး၊ ငလျင်ဘေး အန္တရာယ်များအတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်စံနှုန်းရှိစေရေးအတွက်တွက်ချက်တည်ဆောက်ရန်မှာကြားသည်။
ထို့ပြင် တည်ဆောက်ရေးလုပ်ငန်းဧရိယာ တောင်စောင်းများပေါ်၌ သစ်ပင်များကိုစနစ်တကျပြန်လည်စိုက်ပျိုးရန်၊ ရင်ပြင်တော်ပေါ်၌ နေပူခံကျောက်ပြားများခင်းကျင်းရာ၌ ဒီဇိုင်းရေးဆွဲပြီးမှသာ စနစ်တကျခင်းကျင်းရန်လည်း မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက်အဦးများတည်ဆောက်ထားရှိမှု၊ ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွားပွင့် ဟောစံ သံဝေဇနိယ လေးဌာနတို့အားဖူးမြော်ကြည်ညိုပြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့အတူ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီး ဘက်စုံထိန်းသိမ်း ဆောင်ရွက်ရန် စုပေါင်းအလှူတော်ငွေများကိုပေးအပ်လှူဒါန်းကာ အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော်ပြီးနောက် ဗုဒ္ဓဥယျာဉ်တော် သီလဓမ္မ ကုသိုလ်ဖြစ်ဆေးခန်းဆောင်ရွက်ထားရှိမှုနှင့် သီလဓမ္မဆေးရုံတော်တည် ဆောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သုခမှတ်စုပန်းခင်းနေရာနှင့် ဗုဒ္ဓဥယျာဉ်ပြတိုက်တို့ကို ကြည့်ရှုပြီးနောက် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် စေတီတော်လှိုဏ်အတွင်း စကျင်ကျောက်များဖြင့်ထုဆစ်ပူဇော်ထားသော ဗုဒ္ဓဝင်များကိုဖူးမြှော်ကြည်ညိုပြီး ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ကျိုင်းတုံမြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကိုဖူးမြော်ကြည်ညိုပြီး ဘုရားကြီးအတွက် ဘက်စုံအလှူတော်ငွေများကိုပေးအပ်လှူဒါန်းခဲ့သည်။