မော်ဒန်ဘောလုံးခေတ်တွင် မန်နေဂျာရဲ့ လုပ်ပိုင်ခွင့်အာဏာ လျှော့ကျလာကြောင်း ဆောက်ဂိတ် ပြောကြားလာ
====================
အင်္ဂလန်နည်းပြဟောင်းဆာဂါရတ်ဆောက်ဂိတ်က မျက်မှောက်ခေတ် ကလပ်ဘောလုံးလောကတွင် ကလပ်တည်ဆောက်တဲ့ပုံစံကြောင့် မန်နေဂျာများရဲ့ လုပ်ပိုင်ခွင့်အာဏာ လျှော့ကျလာကြောင်း ပြောကြားသွားပါတယ်။
ကလပ်ဘောလုံးလောကတွင် နည်းစနစ်ဒါရိုက်တာ၊ အားကစားဒါရိုက်တာ၊ ဘောလုံးဒါရိုက်တာဟူ၍ ရာထူးသစ်များ ပေါ်ပေါက်လာမှုနှင့်အတူ အခွင့်အာဏာခွဲဝေ အသုံးပြုလာကြရကာ မန်နေဂျာရဲ့ လုပ်ပိုင်ခွင့်မှာ တဖြည်းဖြည်းလျှော့နည်းလာပါတယ်။
ဆောက်ဂိတ်က ၎င်းအတွက် ယင်းသို့ ပြောင်းလဲလာမှုမှာ ပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ မန်နေဂျာအမည်မှ နည်းပြချုပ်အမည်ကို ပြောင်းလဲ အသုံးပြုလာမှုနှင့်အတူ ကလပ်များတွင်လည်း ယခင်ကထက် ဖိအားများ ပိုမိုကျရောက်လာကြောင်း ဆိုသွားပါတယ်။
ဆောက်ဂိတ်ဟာ မကြာသေးမီ ရက်များအတွင်းက ချဲလ်ဆီး၊ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်တို့ ၎င်းတို့ရဲ နည်းပြများနှင့် လမ်းခွဲလာပြီးနောက် ပြောကြားလာတာလည်း ဖြစ်ပါတယ်။
မက်ဒရစ်ရဲ့ အလွန်ဆို၊ ယူနိုက်တက်ရဲ့အမိုရမ်နှင့် ချဲလ်ဆီးရဲ့ မာရက်စ်ကာတို့ဟာ လုပ်ပိုင်ခွင့်အာဏာနှင့်ပတ်သက်ပြီး ကလပ်တွင်း ပြဿနာတက်ကာ ထွက်ခွာခဲ့ကြသူများ ဖြစ်ကြပါတယ်။
အန်ဇိုမာရက်စ်ကာမှာ ချဲလ်ဆီးတာဝန်ရှိသူများနှင့် ပြဿနာတက်ပြီးနောက် ထွက်ခွာခဲ့ခြင်းဖြစ်သလို အမိုရမ်မှာလည်း မန်နေဂျာအဖြစ် အပြည့်အဝလုပ်ခွင့်ပေးရေး တောင်းဆိုလာမှုနှင့်အတူ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အမိုရမ်က "မန်ချက်စတာယူနိုက်တက်မန်နေဂျာလုပ်ဖို့ ဒီကို ရောက်လာတာ။ မန်ချက်စတာယူနိုက်တက်နည်းပြလုပ်ဖို့ ရောက်လာတာ မဟုတ်ဘူး။ ဒါက ရှင်းရှင်းလေးပါ"လို့ ပြောဆိုခဲ့ပါတယ်။
ယခုအခါ ဆောက်ဂိတ်က "မန်နေဂျာတစ်ယောက်ရဲ့ အခွင့်အာဏာယိုယွင်းလာတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ စီအီးအို သို့မဟုတ် ပိုင်ရှင်ကို တိုက်ရိုက် အစီရင်ခံရတဲ့ ကလပ်ရဲ့ ရေရှည်စီမံကိန်းကို ကိုင်တွယ်ရတဲ့ နည်းစနစ်ဒါရိုက်တာ၊ အားကစားဒါရိုက်တာဆိုတဲ့ ရာထူးသစ်တွေ ပေါ်လာတယ်။ သူတို့က ဖွဲ့စည်းပုံအရ နည်းပြချုပ်ရဲ့အထက်မှာ ရှိကြတယ်။ ပုဂ္ဂိုလ်ရေးပိုင်းအရ ပြောရရင် ဒါက ပြဿနာ မဟုတ်ပါဘူး။ ဗျူဟာ၊ ယဉ်ကျေးမှု၊ အစီအစဉ်တွေပါ။ ဆက်တိုက်လုပ်ဆောင်နေမှုက ဘယ်အဖွဲ့အစည်းမှာ မဆို အောင်မြင်မှုရဖို့ အရေးပါတဲ့အရာပါ။ ဘောလုံးကလပ်မှာလည်း ဘာမှ မကွဲပြားပါဘူး"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် အချို့ ပရိသတ်များကလည်း မန်နေဂျာမဟုတ်ဘဲ နည်းပြချုပ်အဖြစ် အလုပ်လုပ်ရမှုနှင့်အတူ ကစားသမားစာချုပ်ကိစ္စအပါအဝင် ကွင်းပြင်ပကိစ္စရပ်များကို ခေါင်းထဲထည့်စရာမလိုဘဲ အသင်းရဲ့ ပွဲများအပေါ်တွင်သာ အာရုံစိုက်လာနိုင်ကြောင်းလည်း ပြောဆိုနေကြပါတယ်။