ယခုအပတ်တွင် ဗြိတိန်သို့ လာရောက်ကာ ကာရစ်နှင့် တွေ့ဆုံလာမယ့် ယူနိုက်တက်ပိုင်ရှင်များ
====================
ယူနိုက်တက်ပိုင်ရှင်များဖြစ်ကြတဲ့ ဆာဂျမ်ရက်ကလစ်ဖ်နှင့် ဂလေဇာမိသားစုဝင်များဟာ ယခုအပတ်တွင် ဗြိတိန်သို့ လာရောက်ကာ လတ်တလော အကြပ်အတည်းများနှင့် ရင်ဆိုင်နေရတဲ့ ယူနိုက်တက်အခြေအနေအား ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် တွေ့ဆုံဆွေးနွေးလာကြပါမယ်။
ယူနိုက်တက်အကြီးအကဲများဟာ ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်အား ခန့်အပ်လိုက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ ယူနိုက်တက်ဂန္ထဝင်ကစားသမားမိုက်ကယ်ကာရစ်နှင့်လည်း တိုက်ရိုက်တွေ့ဆုံစကားပြောလာပါမယ်။
ရက်ကလစ်ဖ်ဟာ မိုနာကိုမှ မန်ချက်စတာသို့ လာရောက်လာမှာ ဖြစ်ပြီး ဂလေဇာ ညီနောင်တို့ကလည်း အမေရိကမှ ရောက်လာကြမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဇန်နဝါရီလတုန်းက ရူဘင်အမိုရမ်အား နစ်နာကြေး ပေါင် ၁၂ သန်းအထိ ပေးကာ ထုတ်ပယ်လိုက်မှုနှင့်ပတ်သက်ပြီးတော့လည်း အဓိကဆွေးနွေးလာကြပါမယ်။
ယူနိုက်တက်အမှုဆောင်အဖွဲ့ဟာ လစဉ်လတိုင်း ပုံမှန် တွေ့ဆုံဆွေးနွေးလေ့ရှိကြပေမယ့်လည်း ယခုတစ်ကြိမ် တွေ့ဆုံမှုက အရေးပါတဲ့ ဆွေးနွေးမှု ဖြစ်လာပါမယ်။
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်၊ အမှုဆောင်ချုပ်အိုမာဘာရီဒါနှင့် အခြားဘုတ်အဖွဲ့ဝင်များလည်း တက်ရောက်လာမယ်လို့ ယုံကြည်ရပါတယ်။
ဂလေဇာမိသားစုဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပေါင်သန်း ၅၀ အသုံးပြုကာ ပြုပြင်မွမ်းမံမှု ပြုလုပ်ပြီးနောက် ပထမဆုံးအကြိမ် ရောက်လာကြမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခုအပတ် တွေ့ဆုံပွဲတွင် တစ်နှစ်လျှင် ပေါင်သန်း ၂၀ အထိ ရရှိလာနိုင်တဲ့ လေ့ကျင့်ရေးကွင်းဝတ်စုံစပွန်ဆာ၊ အင်္ကျီလက်မောင်းစပွန်ဆာသစ်ရှာဖွေရေးတို့အတွက်လည်း ဆွေးနွေးမှုများ ပြုလုပ်လာပါမယ်။
တဖက်တွင် ရက်ကလစ်ဖ်နှင့် ဂလေဇာတို့ဟာ ရူဘင်အမိုရမ်အား ထုတ်ပယ်လိုက်ပြီးနောက် ယခင်ယာယီနည်းပြဒါရင်းဖလက်ချာလက်အောက်တွင် နိုင်ပွဲမရခဲ့တဲ့ ယူနိုက်တက်ကစားသမားများမှာ ကာရစ်လက်ထက် ပထမဆုံးပွဲဖြစ်တဲ့ မန်စီးတီးနှင့်ပွဲတွင် မည်သို့ တုံ့ပြန်လာမည်ကိုလည်း သိရှိရန် စိတ်အားထက်သန်နေကြပါတယ်။