တိုက်စစ်မှူး ဆာလာ ပြန်လာတော့မှာကြောင့် ပျော်ရွှင်ကြောင်းနဲ့ ဆာလာဟာ အသင်းအတွက်ရော မိမိအတွက်ပါ အလွန်အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က တိုက်စစ်မှူး ဆာလာ အသင်းထံ ပြန်လာတော့မှာဖြစ်လို့ ပျော်ရွှင်ကြောင်းနဲ့ ဆာလာဟာ အသင်းအတွက်ရော မိမိအတွက်ပါ အလွန်အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆာလာဟာ အီဂျစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပွဲ သွားရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး စနေနေ့မှာ တတိယလုပွဲ ယှဉ်ပြိုင်ကစားပြီးပါက လီဗာပူးလ်အသင်းထံ ပြန်လာမှာပါ။
အီဂျစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပေမဲ့ တတိယလုပွဲ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်လို့ လီဗာပူးလ်အသင်းအနေနဲ့ ဆာလာကို ပြိုင်ပွဲကာလတစ်ခုလုံး လက်လွှတ်ထားရခြင်းဖြစ်ပါတယ်။
ဆာလာဟာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် လီဗာပူးလ်အသင်းနဲ့ စောစီးစွာ ပြန်လည်ပူးပေါင်းနိုင်တဲ့ အခွင့်အရေးရှိပေမဲ့ တတိယလုပွဲ ဆက်လက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လီဗာပူးလ်အသင်းအနေနဲ့ ၎င်းကို မာဆေးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှသာ အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
ဆာလာဟာ ဒီဇင်ဘာလက ဘရိုက်တန်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နောက်ဆုံးပါဝင်ကစားခဲ့ပြီးနောက် အီဂျစ်လက်ရွေးစင်အသင်းထံ ထွက်ခွာသွားခဲ့တဲ့အတွက် ၎င်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်ခြောက်ပွဲကို လွဲချော်ထားခဲ့ပြီး ယခုတစ်ပတ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ ခုနစ်ပွဲမြောက် လွဲချော်မှုဖြစ်လာမယ်လို့ သိရပါတယ်။
''ပထမဆုံးပြောချင်တာကတော့ သူ့(ဆာလာ)အနေနဲ့ စနေနေ့မှာ အီဂျစ်အသင်းအတွက် ယှဉ်ပြိုင်ကစားပြီးရင် ပြန်လာမှာပါ။ သူ ပြန်လာမှာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ သူက အသင်းအတွက်ရော ကျွန်တော့်အတွက်ပါ အလွန်အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါကြောင့် သူ ပြန်လာမှာကို ကျွန်တော် ပျော်ရွှင်တာပါ။ အသင်းမှာ တိုက်စစ်ကစားသမား ၁၅ ယောက်ရှိနေရင်တောင် သူ ပြန်လာတာကို တွေ့ရရင် ကျွန်တော် ပျော်ရွှင်မှာပါ'' လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။

image